spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ဗီယက်နမ် ယူ-၁၅ ဖိတ်ခေါ်ပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာအသင်း ထွက်ခွာ

ဗီယက်နမ် ယူ-၁၅ ဖိတ်ခေါ်ပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာအသင်း ထွက်ခွာ

 

ရန်ကုန် ၂၄ ဩဂုတ်    

သြဂုတ် ၂၆ ရက်မှ ၃၀ ရက်အထိ ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့် ၂၀၁၉ ဗီယက်နမ် ယူ-၁၅ ဖိတ်ခေါ်ပြိုင်ပွဲ ယှဉ်ပြိုင်ရန် မြန်မာ ယူ-၁၅ အသင်းသည် ယနေ့နံနက်ပိုင်းမှ ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာသွားရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်သည်။ 

အဆိုပါ မြန်မာ ယူ-၁၅ အမျိုးသားအသင်းတွင် အုပ်ချုပ်/နည်းပြအဖွဲ့ဝင် ခုနစ်ဦး၊ ကစားသမား ၁၈ ဦး လိုက်ပါသွားသည်။ ယင်းပြိုင်ပွဲကို ဥရောပဘောလုံးအဖွဲ့ချုပ်၏ ပံ့ပိုးမှုဖြင့် ကျင်းပခြင်းဖြစ်ပြီး တောင်ကိုရီးယား၊ ရုရှား၊ မြန်မာနှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်ပြီး ပတ်လည်စနစ်ဖြင့် ကျင်းပမည်ဖြစ်သည်။ အုပ်စုပွဲများကို သြဂုတ် ၂၆၊ ၂၈၊ ၃၀ ရက်တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စုပထမပွဲအဖြစ် အိမ်ရှင်ဗီယက်နမ်အသင်းနှင့် စတင်ကစားရမည်ဖြစ်သည်။ အုပ်စုပွဲစဉ်များအဖြစ် သြဂုတ် ၂၆ ရက်တွင် မြန်မာနှင့် ဗီယက်နမ်၊ ရုရှားနှင့် တောင်ကိုရီးယား၊ သြဂုတ် ၂၈ ရက်တွင် မြန်မာနှင့် တောင်ကိုရီးယား၊ ဗီယက်နမ်နှင့် ရုရှား၊ သြဂုတ် ၃၀ ရက်တွင် မြန်မာနှင့် ရုရှား၊ ဗီယက်နမ်နှင့် တောင်ကိုရီးယားအသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။

မြန်မာအသင်းသည် စက်တင်ဘာတွင်ယှဉ်ပြိုင်ရမည့် ၂၀၂၀ အာရှ ယူ-၁၆ ခြေစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ဖိတ်ခေါ်ပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်လျက်ရှိပြီး သြဂုတ် ၁၄ ရက်မှ ၁၈ ရက်အထိ မန္တလေးမြို့၌ ကျင်းပခဲ့သည့် လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ယင်းအသင်းကို ဦးမင်းသူက ကိုင်တွယ်နေပြီး မြန်မာ ယူ-၁၅ အသင်းကို ကိုင်တွယ်သည့်ကာလ တစ်လမပြည့်ခင်မှာပင် နိုင်ငံတကာပြိုင်ပွဲနှစ်ခု ယှဉ်ပြိုင်ရခြင်းဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ၊ ဓာတ်ပုံ-MFF


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%97%E1%80%AE%E1%80%9A%E1%80%80%E1%80%BA%E1%80%94%E1%80%99%E1%80%BA-%E1%80%9A%E1%80%B0-%E1%81%81%E1%81%85-%E1%80%96%E1%80%AD%E1%80%90%E1%80%BA%E1%80%81%E1%80%B1%E1%80%AB%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%9A%E1%80%BE%E1%80%89%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9B%E1%80%94%E1%80%BA-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8-%E1%80%91%E1%80%BD%E1%80%80%E1%80%BA%E1%80%81%E1%80%BD%E1%80%AC