spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာအသင်း ရွှေနှစ်ခု၊ ငွေတစ်ခု ဆွတ်ခူးရရှိထား

ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာအသင်း ရွှေနှစ်ခု၊ ငွေတစ်ခု ဆွတ်ခူးရရှိထား

 

နေပြည်တော်  ၂၇  သြဂုတ်

 

၂၀၁၉ ထိုင်းဘုရင့်ဖလား ကမ္ဘာ့ချန်ပီယံရှစ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာ ပိုက်ကျော်ခြင်း အသင်းသည် သြဂုတ် ၂၇ ရက် ပွဲစဉ်များအပြီးတွင်  ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ်တစ်ခု ဆွတ်ခူး ရရှိထားသည်။

 

ယင်းပြိုင်ပွဲကို သြဂုတ် ၂၅ ရက်မှစ၍ ကျင်းပလျက်ရှိပြီး  မြန်မာပိုက်ကျော်ခြင်း အသင်းသည် နှစ်ယောက်တွဲ အမျိုးသားပြိုင်ပွဲနှင့် အမျိုးသမီးပြိုင်ပွဲတွင် ရွှေတံဆိပ်နှင့် အမျိုးသမီး ကွင်းသွင်းခြင်းခတ်ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုတို့ ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

 

နှစ်ယောက်တွဲ အမျိုးသားပြိုင်ပွဲတွင် မြန်မာအသင်းသည် လာအိုအသင်းကို နှစ်ပွဲ-တစ်ပွဲဖြင့် ရှုံးနိမ့်သော်လည်း တရုတ် (တိုင်ပေ) အသင်းကို နှစ်ပွဲပြတ် အနိုင်ရကာ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

 

ကွာတားဖိုင်နယ်တွင် ဂျပန်အသင်းကို နှစ်ပွဲ-တစ်ပွဲ၊ ဆီမီးဖိုင်နယ်တွင် မလေးရှားအသင်းကို နှစ်ပွဲပြတ်၊ ဗိုလ်လုပွဲ တွင် တောင်ကိုရီးယားအသင်းကို နှစ်ပွဲပြတ်တို့ဖြင့် အနိုင်ရခဲ့သည်။

 

နှစ်ယောက်တွဲ အမျိုးသမီးပြိုင်ပွဲတွင် မြန်မာအသင်းသည် အုပ်စုအဆင့်၌ တရုတ်အသင်းကို နှစ်ပွဲပြတ်၊ ဂျာမနီ အသင်းကို နှစ်ပွဲပြတ်တို့ဖြင့် အနိုင်ရပြီး ကွာတားဖိုင် နယ်တွင် မလေးရှားကို နှစ်ပွဲပြတ်၊ ဆီမီးဖိုင်နယ်တွင် အင်ဒိုနီးရှားကို နှစ်ပွဲ-တစ်ပွဲ၊ ဗိုလ်လုပွဲတွင် လာအိုကို နှစ်ပွဲပြတ်ဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။ 

 

အမျိုးသမီး ကွင်းသွင်းခြင်းခတ်ပြိုင်ပွဲတွင် မြန်မာ၊ ထိုင်း၊ လာအို၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့ ယှဉ်ပြိုင်ကစားပြီး အမှတ်အများဆုံးရသည့် လေးသင်းမှာ ဆီမီးဖိုင်နယ် တက်ရောက်ခြင်း ဖြစ်သည်။

 

မြန်မာအသင်းသည် ဆီမီးဖိုင်နယ်တွင် ဖိလစ်ပိုင်နှင့် တွေ့ဆုံရာ (၈၅၀-၅၄၀) မှတ်ဖြင့် အနိုင်ရကာ ဗိုလ်လုပွဲ တက်ရောက်ခဲ့ပြီး ဗိုလ်လုပွဲတွင် နာမည်ကြီးထိုင်းအသင်းကို (၇၃၀-၈၉၀) မှတ်ဖြင့် ရှုံးနိမ့်ခဲ့သောကြောင့် ဒုတိယဆုဖြင့် ကျေနပ်ခဲ့ရခြင်း ဖြစ်သည်။ 

 

မြန်မာပိုက်ကျော်ခြင်းအသင်းသည် ယခုပြိုင်ပွဲတွင် အမျိုးသားပြိုင်ပွဲတွင် သုံးမျိုး၊ အမျိုးသမီးပြိုင်ပွဲတွင် သုံးမျိုး ယှဉ်ပြိုင်နေခြင်းဖြစ်ပြီး ကျန်ရှိသည့် အမျိုးသား သုံးယောက်တွဲပြိုင်ပွဲ၊ အသင်းလိုက်ပြိုင်ပွဲ၊ အမျိုးသမီး အသင်းလိုက် ပြိုင်ပွဲတို့ ထပ်မံယှဉ်ပြိုင်လျက်ရှိကာ ပြိုင်ပွဲကို စက်တင်ဘာ ၁ ရက်အထိ ကျင်းပမည်ဖြစ်သည်။


သတင်း-ရဲရင့်ရှိုင်း ၊ ဓာတ်ပုံ-ပိုက်ကျော်ခြင်းအဖွဲ့ချုပ်


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%91%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%98%E1%80%AF%E1%80%9B%E1%80%84%E1%80%BA%E1%80%B7%E1%80%96%E1%80%9C%E1%80%AC%E1%80%B8-%E1%80%95%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%BA%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8-%E1%80%9B%E1%80%BD%E1%80%BE%E1%80%B1%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%81%E1%80%AF%E1%81%8A-%E1%80%84%E1%80%BD%E1%80%B1%E1%80%90%E1%80%85%E1%80%BA%E1%80%81%E1%80%AF