နေပြည်တော်၊ သြဂုတ် (၂၆) ရက်
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမြင့်ထွေးနှင့် ဟိုတယ်နှင့်ခရီးသွားလာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးအုန်းမောင်တို့ ဦးဆောင်၍ မြန်မာနိုင်ငံတွင် အားကစားခရီးသွားလုပ်ငန်း (Sports Tourism)နှင့် အစားအသောက် ဆိုင်ရာခရီးသွားလုပ်ငန်း (Gastronomy Tourism) ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဟိုတယ်နှင့်ခရီးသွားလာရေး၀န်ကြီးဌာန နီလာအစည်းအဝေးခန်းမ၌ ကျင်းပရာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်း၀န် ဒေါက်တာသာထွန်းကျော်၊ အစားအသောက်နှင့်ဆေး၀ါးကွပ်ကဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဌ၊ သက်ဆိုင်ရာညီနောင်အသင်းတို့မှ ဥက္ကဌနှင့် အလုပ်အမှုဆောင်များ တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် ဟိုတယ်နှင့်ခရီးသွားလာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးအုန်းမောင်က မြန်မာနိုင်ငံတွင် ခရီးသွားအရင်းအမြစ်များရှိပြီးဖြစ်သော အားကစားခရီးသွားလုပ်ငန်းနှင့် အစားအသောက်ဆိုင်ရာခရီးသွားလုပ်ငန်းများကို ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို တိုင်ပင်ဆွေးနွေးကြရန် ယခုအစည်းဝေးကို ပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် သြဂုတ်(၁၇)ရက်နေ့နှင့် (၁၈)ရက်နေ့များတွင် မန္တလေးတွင် ကျင်းပခဲ့သည့် ASEAN Food Festival-2019(Mandalay)ကို အောင်အောင်မြင်မြင်နှင့်အကောင်းဆုံး ကျင်းပပြီးစီးအောင် အားတက်သရော ဝိုင်း၀န်းပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် ညီနောင်အသင်းများကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ အစားအစာနှင့်အဖျော်ယမကာများကို ခရီးသည်များ ဘေးအန္တရယ်ကင်းရှင်းစွာ ၀န်ဆောင်မှုပေးရာ၌ လုပ်ငန်းရှင်များ လုပ်သာကိုင်သာရှိအောင်နှင့် နိုင်ငံတော်အတွက်လည်း အခွန်အခများရရှိအောင်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ယခုအစည်းအဝေးတွင်လည်း အားကစားခရီးသွားလုပ်ငန်းနှင့် အစားအသောက်ဆိုင်ရာခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမြင့်ထွေးက အားကစားခရီးသွားလုပ်ငန်းနှင့် အစားအသောက်ဆိုင်ရာခရီးသွားလုပ်ငန်းကို စနစ်တကျနှင့်ပိုမိုဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နိုင်ပါက နိုင်ငံခြားသား ခရီးသွားများ ပိုမိုတိုးတက်၀င်ရောက်လာနိုင်မည်ဖြစ်ပြီး ယင်းလုပ်ငန်းမှ အကျိုးအမြတ်များ ကိုလည်း ရရှိမည်ဖြစ်ပါကြောင်း၊ ယနေ့အစည်းဝေးသည် ပထမဆုံးတွေ့ဆုံ၍ ဖြစ်နိုင်ချေရှိသည်များကို ဖော်ထုတ်ဆွေးနွေးခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်းကော်မတီများဖြင့် စနစ်တကျဖွဲ့စည်းပြီး လိုအပ်သောလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း၊ တက်ရောက်လာကြသူများအနေဖြင့်လည်း အားကစားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မည့်သည့်လုပ်ငန်းကဏ္ဍများမှစတင်ဆောင်ရွက်သွားမည်ကို ဝိုင်း၀န်းဆွေးနွေးကြစေလိုကြောင်း၊ မိမိတို့၀န်ကြီးဌာနအနေဖြင့် လိုအပ်သည်များကို ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။
ထို့နောက် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်က မြန်မာနိုင်ငံတွင် အားကစားပွဲများလက်ခံကျင်းပနေမှုများ၊ နိုင်ငံတကာအားကစားအဖွဲ့ အစည်းများနှင့်ချိတ်ဆက်၍ အားကစားပွဲများ စီစဉ်ကျင်းပမှုများကို ရှင်းလင်းတင်ပြပြီး အားကစားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးအောင်အကောင်အထည်ဖော်ရေးအတွက် ကော်မတီဖွဲ့စည်းဆောင်ရွက်ရေး၊ စနစ်တကျနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောမူ၀ါဒများ၊ လုပ်ထုံးလုပ်နည်းများချမှတ်ခြင်း၊ မဟာဗျူဟာလုပ်ငန်းစဉ်များရေးဆွဲရေးကိစ္စရပ်များကို ရှင်းလင်းပြောကြားပါသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း၊မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းဈေးကွက်မြှင့်တင်ရေးအသင်း၊ မြန်မာနိုင်ငံကျန်းမာရေးစောင့်ရှောက်မှုအသင်းနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းတို့မှ ဥက္ကဌ၊ ဒုဥက္ကဌနှင့် အလုပ်အမှုဆောင်များနှင့် တက်ရောက်လာသူများက အားကစားခရီးသွားလုပ်ငန်းနှင့် အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာများကို အသေးစိတ်ဆွေးဆွေးတင်ပြကြပါသည်။
ထို့နောက် ပြည်ထောင်စု၀န်ကြီးများက လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ပေးပြီး အားကစားခရီးသွားလုပ်ငန်းအကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီနှင့် အစားအသောက်ဆိုင်ရာခရီးသွား လုပ်ငန်းအကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီတို့ကိုလျာထားဖွဲ့စည်းပြီး ဆက်လက်ဆောင်ရွက်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။