spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၉ ခုနှစ် မြန်မာပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲ (တတိယ)ပွဲစဉ်အား Dagon Golf City ရန်ကုန်တွင် ကျင်းပမည်

၂၀၁၉ ခုနှစ် မြန်မာပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲ (တတိယ)ပွဲစဉ်အား Dagon Golf City ရန်ကုန်တွင် ကျင်းပမည်

 

နေပြည်တော်  ၂၈  သြဂုတ်

 

မြန်မာနိုင်ငံတွင် ထူးချွန်သော ဂေါက်သီးအားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်နှင့် မြန်မာပီဂျီအေတို့က ကြီးမှူး၍ Telecom International Myanmar Co.,Ltd (Mytel) မှ အဓိက ကူညီပံ့ပိုးသည့် ၂၀၁၉ ခုနှစ် မြန်မာပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲ (တတိယ)ပွဲစဉ်ကို  စက်တင်ဘာ ၁၇ ရက်မှ ၂၀ ရက်အထိ ရန်ကုန်မြို့ရှိ Dagon Golf City ၌ ကျင်းပမည်ဖြစ်သည်။

 

ယင်းပြိုင်ပွဲတွင် ပညာရှင်အဆင့်၊ ဝါသနာရှင်အဆင့် (အမျိုးသား) (H’cap 0-12)၊ ဝါသနာရှင်အဆင့် (အမျိုးသမီး) (H’cap 0-18) ယှဉ်ပြိုင်ကစားခွင့် ပြုမည်ဖြစ်ပြီး စိန့်အင်ဒရူး ဂေါက်သီးစည်းမျဉ်းများနှင့် ဒေသန္တရ စည်းမျဉ်းများအတိုင်း ကျင်းပမည် ဖြစ်သည်။

 

ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်လူဦးရေ ကန့်သတ်ထားသောကြောင့် စက်တင်ဘာ ၈  ရက် မွန်းလွဲ ၂ နာရီ နောက်ဆုံးထား၍ ပညာရှင်အဆင့် တစ်ဦးလျှင် (၃၀ဝ၀ဝ)ကျပ် ဝါသနာရှင်အဆင့် တစ်ဦးလျှင် (၁၀ဝ၀ဝ) ကျပ်ဖြင့် ဖုန်း ဝ၉-၇၇၉၈၄၆၇၆၁ ထံ စာရင်းပေးသွင်းနိုင်ပါသည်။

 

စာရင်းပေးသွင်း၍ ပြိုင်ပွဲဝင်ကြေး ပေးသွင်းထားသူများသည် စက်တင်ဘာ ၁၃ ရက်နှင့် ၁၆ ရက်တွင် (Official Practice Round) ကစားနိုင်မည်ဖြစ်ပြီး အမည်စာရင်း ပေးသွင်းထားသော်လည်း ပြိုင်ပွဲမဝင်နိုင်ပါက ပြိုင်ပွဲမတိုင်မီ ကြိုတင်အကြောင်းကြားရန် လိုအပ်ကြောင်း ထုတ်ပြန်ထားသည်။

 

အကြောင်းကြားခြင်းမရှိဘဲ ပြိုင်ပွဲမယှဉ်ပြိုင်ပါက နောက်ပွဲစဉ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပြုမည်မဟုတ်ကြောင်းနှင့် ပြိုင်ပွဲဝင်ကြေးပေးသွင်းရန် နောက်ကျသော ကစားသမားများအား ပြိုင်ပွဲအတွဲဇယားများတွင် ထည့်သွင်းရေးဆွဲမည် မဟုတ်ကြောင်း မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။ 

 

ယခုနှစ်တွင် မြန်မာပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲကို နှစ်ပွဲကျင်းပထားပြီး မေလက ရွှေနတ်တောင် ဂေါက်ကွင်း၌ ကျင်းပသည့် ပထမပွဲစဉ် (မော်လမြိုင်)တွင် ဘိုဘို၊ ဇွန်လက ဟံသာဝတီ ဂေါက်ကွင်း၌ ကျင်းပသည့် ဒုတိယပွဲစဉ် (ပဲခူး)တွင် မျိုးဝင်းအောင်တို့က ပညာရှင်အဆင့်ပြိုင်ပွဲ၌ ဗိုလ်စွဲထားသည်။

 

သတင်း-ဖိုးသော်ဇင်


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%89-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%90%E1%80%BA%E1%80%9C%E1%80%8A%E1%80%BA-%E1%80%82%E1%80%B1%E1%80%AB%E1%80%80%E1%80%BA%E1%80%9E%E1%80%AE%E1%80%B8%E1%80%9B%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%90%E1%80%90%E1%80%AD%E1%80%9A%E1%80%95%E1%80%BD%E1%80%B2%E1%80%85%E1%80%89%E1%80%BA%E1%80%A1%E1%80%AC%E1%80%B8-dagon-golf-city