ရန်ကုန် ဩဂုတ် ၂၈
မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ ချုပ်အနေဖြင့် အကြိမ်(၃၀) မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အောင်နိုင်ရန်အတွက် အားကစားသမား များမှာ အတွေ့အကြုံများစွာ လိုအပ် ကြောင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာ မင်းနိုင်က ပြောသည်။
''ဆီးဂိမ်းမှာ အောင်နိုင်ဖို့ဆိုတာ အားကစားသမားတွေက အတွေ့အကြုံ တွေအများကြီး လိုပါတယ်။ အတွေ့အကြုံ တွေ အများကြီးလိုတဲ့အတွက်ကြောင့် ကျွန်တော်တို့ ကစားသမားတွေ နိုင်ငံတကာပြိုင်ပွဲတွေပြိုင်ရင် အတွေ့အကြုံနည်းလို့ ရှုံးရတယ်မျိုး မဖြစ်အောင်ပွဲတွေ အများကြီးလွှတ်ပါတယ်။ ဒီလိုလွှတ်တဲ့ပွဲတိုင်းကိုလည်း ဝန်ကြီးဌာနက ပံ့ပိုးကူညီ ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောချင်တယ်။ ဆီးဂိမ်းပြိုင်ပွဲဟာ စိတ်လှုပ်ရှား စရာပြိုင်ပွဲလည်း ဖြစ်တယ်။ အနိုင်ရဖို့ ဆိုတာလည်း အင်မတန်ခက်ပါတယ်။ အနိုင်ရ ဖို့ဆိုရင် ကံကောင်းဖို့လည်း လိုပါတယ်။ ဒီနှစ်သွားမယ့် ဆီးဂိမ်းမှာဆုတံဆိပ်အမြောက် အမြားယူနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ ဒီနှစ်ဆီးဂိမ်းမှာရွှေတံဆိပ် စုစုပေါင်း ၁၀ ခုပေးမယ်။ အိမ်ရှင်ဖိလစ်ပိုင်က သူတို့ အားသာတဲ့ပူးလ်ကို ခြောက်မျိုးထည့်ထားပါတယ်။ ပူးလ်ပြိုင်ပွဲမှာလည်း ကျွန်တော်တို့ ဝင်ပြိုင်မှာပါ။ ပူးလ်နဲ့ ပတ်သက်လို့ ကျွန်တော်တို့မှာ အားကစားသမားကောင်းရှိပါတယ်။ မြန်မာပြည်မှာရှိတဲ့ အောင်မျိုးသူနဲ့ ကျော်ဇင် ထက်တို့ ကစားသမားတွေ ပူးလ်ကို ဆီးဂိမ်းမှာ အောင်မြင်မှုရအောင် ကြိုးစားမှာပါ။ စနူကာ ကိုထက်နဲ့ ဝင်းကိုကို နှစ်ယောက်က ပြီးခဲ့တဲ့ ကာတာနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာရှစနူကာပြိုင်ပွဲမှာအသင်းလိုက်ပြိုင်ပွဲ တတိယဆုရခဲ့ပါတယ်။ ကျွန်တော်တို့နဲ့အတူ ပူးတွဲတတိယက ထိုင်းကစားသမားပါ။ ဒုတိယဆုကို အိန္ဒိယကရပြီး ပထမဆုကို ပါကစ္စတန်က ရခဲ့ပါတယ်။ ထိုင်းကတော့ ကျွန်တော်တို့နဲ့ ဆီးဂိမ်းမှာ ပြိုင်ရမယ့် အသင်းပါ}} ဟု ၎င်းက ဆက်လက်ပြောသည်။
ဘိလိယက်နှင့် စနူကာအားကစားသမားများသည် ရန်ကုန်မြို့ အောင်ဆန်း အားကစားပြိုင်ဝင်း အဖွဲ့ချုပ်လေ့ကျင့်ရေးစခန်း၌ စခန်းသွင်းလေ့ကျင့်လျက် ရှိကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ- အာကာစိုး