spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် U-17 ဘောလုံး (အမျိုးသား) ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် တက်ရောက်

၂ဝ၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် U-17 ဘောလုံး (အမျိုးသား) ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် တက်ရောက်

နေပြည်တော်၊စက်တင်ဘာ (၂)ရက်။

၂ဝ၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် U-17 ဘောလုံး(အမျိုးသား)ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေ(၃)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင်ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဇော်လင်းထွဋ်နှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြသန်းထိုက်၊ အားကစားနှင့်ကာယပညာဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

 

အစီအစဉ်အရ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့ဘောလုံးအားကစား တိုးတက်မြင့်မားရေးကို အထောက်အကူပြုစေရန် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ထူးချွန်ထက်မြက်သည့် လူငယ်သွေးသစ်ဘောလုံးအားကစားသမားများပေါ်ထွက်လာစေရေးတို့ကို အဓိကရည်ရွယ်ပြီး သက်တမ်းအလိုက် အားကစားပြိုင်ပွဲများကို ကျင်းပပေးခြင်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲရဲ့ ရည်မှန်းချက်နှင့်အနှစ်သာရများအကောင်အထည်ပေါ်လာအောင် စီမံအုပ်ချုပ်သူများနှင့် တာဝန်ရှိသူများကလည်း ဘက်လိုက်မှုကင်းရှင်းပြီး တရားမျှတမှန်ကန်စွာ ဆုံးဖြတ်ဆောင်ရွက် သွားကြစေလိုကြောင်း၊ ပြိုင်ပွဲဝင် အားကစားသမားများအနေဖြင့် အားကစားသမားစိတ်ဓါတ်အပြည့်အဝဖြင့် သန့်သန့်ရှင်းရှင်းယှဉ်ပြိုင်ကစားကြစေလိုကြောင်း ပြောကြားခဲ့ပြီး ၂ဝ၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် U-17 ဘောလုံး (အမျိုး သား)ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။

ယင်းနောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့်တာဝန်ရှိသူများ၊ အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်လင်းထွဋ်နှင့်အဖွဲ့ဝင်များမှ တိုင်းဒေသကြီးနှင့်ပြည်နယ် U-17 ဘောလုံး(အမျိုးသား)ပြိုင်ပွဲဝင် အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြပြီး ဖွင့်ပွဲအခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

 

ထို့နောက် ၂ဝ၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် U-17 ဘောလုံး(အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်အဖြစ် ကယားပြည်နယ်အသင်းနှင့်ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်နေမှုများအား မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်လင်းထွဋ်နှင့်အဖွဲ့ဝင်များမှ ကြည့်ရှုအားပေးခဲ့ကြရာ ပြိုင်ပွဲအပြီး ရှမ်းပြည်နယ်အသင်းမှ ကယားပြည်နယ်အသင်းအား (၁)ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသွားပါသည်။ (၃.၉.၂ဝ၁၉)ရက်နေ့ပွဲစဉ်များအဖြစ် နံနက်(၇)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်း၊ ညနေ(၃)နာရီခွဲအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ချင်းပြည်နယ်အသင်း၊ ရခိုင်ပြည်နယ်အသင်းနှင့်ကရင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

 

အဆိုပါ ၂ဝ၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ်U-17 ဘောလုံး(အမျိုးသား)ပြိုင်ပွဲကို ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ပြိုင်ပွဲဝင်အသင်း(၁၅)သင်း၊ ပြိုင်ပွဲဝင်အားကစားသမားဦးရေ စုစုပေါင်း(၂၆၅)ဦးဖြင့် ပါဝင်ယှဉ်ပြိုင်ကစားလျက်ရှိပြီး အဆိုပါပြိုင်ပွဲအား (၂.၉.၂ဝ၁၉)ရက်နေ့မှ (၁၆.၉.၂ဝ၁၉) ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း (၁)နှင့် (၃)တို့တွင် နေ့စဉ်နံနက်(၇)နာရီနှင့် ညနေ(၃) နာရီခွဲ အချိန်တို့တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် အခမဲ့လာရောက်ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိပါသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%89%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-u-17-%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8-%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%96%E1%80%BD%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BD%E1%80%B2