နေပြည်တော်၊စက်တင်ဘာ (၄)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂ဝ၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် U-17ဘောလုံး(အမျိုးသား)ပြိုင်ပွဲများကို ဆက်လက်ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော် ဆန်း၊ ဦးကျော်ဦးနှင့်တာဝန်ရှိသူများ၊ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
ယနေ့ပွဲစဉ်များအဖြစ် နံနက်(၇)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၃)၌ မွန်ပြည်နယ်အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မွန်ပြည်နယ်အသင်းမှ (၃)ဂိုး ဂိုးမရှိဖြင့်် လည်းကောင်း၊ ညနေ(၃)နာရီခွဲ အချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၁)၌ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဧရာဝတီတိုင်းဒေသကြီးအသင်းမှ (၁)ဂိုး ဂိုးမရှိဖြင့် လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၃)၌ ကချင်ပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကချင်ပြည်နယ်အသင်းမှ (၂)ဂိုး (၁)ဂိုးဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ပါသည်။
(၅.၉.၂ဝ၁၉)ရက်နေ့တွင် အုပ်စုပွဲစဉ်များအဖြစ် နံနက်(၇)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၃)၌ ကယားပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့သည် လည်းကောင်း၊ ညနေ(၃) နာရီခွဲ အချိန်တွင်ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၁)၌ ရှမ်းပြည်နယ်အသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့သည်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစား ကွင်း(၃)၌ ချင်းပြည်နယ်အသင်းနှင့် ကရင်ပြည်နယ်အသင်းတို့သည် လည်းကောင်း၊ အသီးသီးယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် အခမဲ့လာရောက်ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိပါသည်။