နေပြည်တော်၊ စက်တင်ဘာ (၆)ရက်။
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ အင်္ဂလိပ်စာကျွမ်းကျင်မှုသင်တန်း(Intermediate Level Training 2/2019)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ညနေ(၄)နာရီအချိန်တွင် နေပြည်တော် ရုံးအမှတ်(၃၁) အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း၊ ညွှန်ကြားရေးမှူးများနှင့် တာ၀န်ရှိသူများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက် ကြပါသည်။
အစီအစဉ်အရ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ သင်တန်းဆင်းအမှာစကားပြောကြားရာတွင် ယနေ့ခေတ်ကာလအခြေအနေသည် ခေတ်နောက်ကျမကျန်ရစ်အောင် နေ့စဉ်အင်္ဂလိပ်စာနှင့်ကွန်ပျူတာ လေ့လာရန်လိုအပ်ပါကြောင်း၊ နိုင်ငံတကာနှင့်အားကစားကိစ္စရပ်များ ပြောဆိုဆက်ဆံရာတွင် အင်္ဂလိပ် အရေး၊ အဖတ်၊ အပြောသည် အရေးကြီးပါကြောင်း၊ ယနေ့ခေတ်တွင်တိုးတက်ပြောင်းလဲလာသော အားကစားဆိုင်ရာကိစ္စရပ်များကို အင်တာနက်မှ စဉ်ဆက်မပြတ်လေ့လာရန်လိုအပ်ပါကြောင်း၊ ယနေ့သင်တန်းမှရရှိလာသော အတွေ့အကြုံများနှင့် မိမိတို့မှာရှိသော အရည်အချင်းများကိုပေါင်းစပ်၍ ပိုမိုတိုးတက်အောင် လုပ်ဆောင်ရန်လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် သင်တန်းတာ၀န်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးရဲလွင်မှ သင်တန်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ သင်တန်းတွင် ပထမဆုရ မဆွေဆွေမွန် အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)၊ ဒုတိယဆုရ မ၀င်းသူဇာမင်း အားကစားနှင့်ကာယပညာသိပ္ပံ (လွိုင်ကော်)၊ တတိယဆုရ မသန္တာအောင် စီမံကိန်းနှင့်သုတေသနဌာနခွဲတို့အား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ကျန်သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ထို့နောက် သင်တန်းသား/သင်တန်းသူများကိုယ်စား ပထမဆုရ မဆွေဆွေမွန်မှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။
အဆိုပါ သင်တန်းအား (၅.၈.၂၀၁၉) ရက်နေ့မှ (၆.၉.၂၀၁၉)ရက်နေ့အထိ သင်တန်းသား (၂)ဦး၊ သင်တန်းသူ(၈)ဦး စုစုပေါင်း(၁၀)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သတင်းရရှိပါသည်။