spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပိုက်ကျော်ခြင်း အားကစား နည်းမှ ရွှေတံဆိပ် (၁)ခု၊ ငွေတံဆိပ်(၁)ခုနှင့် ဘိလိယက်အားကစားနည်းမှ ငွေ(၁)ခု၊ ကြေး (၁)ခု ထပ်မံဆွတ်ခူးရရှိ

(၂၉)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပိုက်ကျော်ခြင်း အားကစား နည်းမှ ရွှေတံဆိပ် (၁)ခု၊ ငွေတံဆိပ်(၁)ခုနှင့် ဘိလိယက်အားကစားနည်းမှ ငွေ(၁)ခု၊ ကြေး (၁)ခု ထပ်မံဆွတ်ခူးရရှိ

ကွာလာလမ်ပူ၊ သြဂုတ်လ (၂၅)ရက်။

မလေးရှားနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂ဝ၁၇ခုနှစ် (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများကို ကွာလာလမ်ပူမြို့ရှိ အားကစားကွင်း၊ အားကစားရုံအသီးသီး၌ ကျင်းပပြုလုပ်ရာ Titiwangsa အားကစားရုံ၌ ကျင်းပပြုလုပ်သော ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ(၄)ယောက်တွဲ အမျိုးသားဗိုလ်လုပွဲစဉ်တွင် မြန်မာပိုက်ကျော်ခြင်းအသင်းနှင့် ထိုင်းနိုင်ငံအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းမှ (၂)ပွဲပြတ်ဖြင့်ရှုံးနိမ့်ကာ ဒုတိယငွေတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့ပါသည်။

ဆက်လက်၍ တစ်ချိန်တည်း၊တစ်ပြိုင်တည်း ကျင်းပပြုလုပ်လျက်ရှိသော အမျိုးသမီးပိုက်ကျော်ခြင်း (၄)ယောက်တွဲပြိုင်ပွဲ အုပ်စုပတ်လည်နောက်ဆုံးပွဲစဉ်အဖြစ် မြန်မာအမျိုးသမီးအသင်းနှင့် ဗီယက်နမ်အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအမျိုးသမီးအသင်းမှ (၂)ပွဲပြတ်ဖြင့် အနိုင်ရရှိသွားပါသည်။ အဆိုပါပွဲကို အနိုင်ရရှိသည့်အတွက် မြန်မာအသင်းသည် (၃) ပွဲနိုင် (၁) ပွဲရှုံးဖြင့် အမှတ်အများဆုံးရရှိကာ ပထမရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့ပါသည်။

ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ အမျိုးသမီးပိုက်ကျော်ခြင်း (၄)ယောက်တွဲ ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုရ မြန်မာအသင်း၊ ငွေတံဆိပ်ဆုရ အင်ဒိုနီးရှားအသင်း၊ ပူးတွဲကြေးတံဆိပ်ဆုရ ဗီယက်နမ်အသင်းနှင့် လာအိုအသင်းတို့အား မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် အာရှပိုက်ကျော်ခြင်း ဒုဥက္ကဌတို့မှ ဆုတံဆိပ်များကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

ဆက်လက်၍ National Aquatic Center၌ ကျင်းပပြုလုပ်သော ရေကူးအားကစား နည်းမှ အမျိုးသားမီတာ(၅ဝ) အလွတ်ကူးပြိုင်ပွဲတွင် မြန်မာမှသီဟအောင် (၂၆.၄၆)စက္ကန့်ဖြင့် ရှုံးနိမ့်ခဲ့ပါသည်။ အမျိုးသမီးမီတာ(၅ဝ) Backstroke လူရွေးပွဲတွင် မြန်မာမှနန်းဟန်နီဦး ဝင်ရောက် ယှဉ်ပြိုင်ရာ (၃၂.ဝ၇)စက္ကန့်ဖြင့် အောင်မြင်ခဲ့ခြင်းမရှိပါ။ 

ဆက်လက်၍ National Squash  Center ၌ ကျင်းပပြုလုပ်သော Squash အားကစားပြိုင်ပွဲ တစ်ဦးချင်းအမျိုးသားပွဲစဉ်တွင် ရန်နောင်ဦး၊ နိုင်ဦး၊ ဇင်မောင်မောင်တို့သည် ပြိုင်ဘက်အသင်း အင်ဒိုနီးရှားအားကစားသမားများအား အသီးသီး ရှုံးနိမ့်ခဲ့ပါသည်။ တစ်ဦးချင်း အမျိုးသမီးပွဲစဉ်တွင် မြန်မာမှ အေးအေးသင်း၊ အိအိပြုံး၊ မွန်မွန်သဲ တို့သည် ပြိုင်ဘက် စင်္ကာပူအားကစားသမားများအား အသီးသီးရှုံးနိမ့်ခဲ့ပါသည်။

ဆက်လက်၍ MITEC Center Hall (1) ၌ ကျင်းပပြုလုပ်သော ဘော်လီဘောပြိုင်ပွဲ နံနက်ပိုင်းပွဲစဉ်ဖြစ်သော အမျိုးသမီးပွဲစဉ်တွင် မြန်မာအမျိုးသမီးအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အင်ဒိုနီးရှားအသင်းကို (၃)ပွဲပြတ်ဖြင့် ရှုံးနိမ့်သွားပါသည်။ ညနေပိုင်း ပွဲစဉ်ဖြစ်သော အမျိုးသားပွဲစဉ်တွင် မြန်မာအသင်းနှင့် ကမ္ဘောဒီးယားအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအမျိုးသားအသင်းမှ (၃)ပွဲပြတ်ဖြင့် အနိုင်ရရှိကာ ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်သွားပါသည်။

ဆက်လက်၍ KICC Convention Center Hall (4) ၌ ကျင်းပပြုလုပ်သော ဘိလိယက်နှင့်စနူကာ အားကစားနည်းမှ ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲ ဆီမီးဖိုင်နယ် နံနက်ပိုင်းပွဲစဉ်တွင် မြန်မာမှ ချစ်ကိုကို က ထိုင်းနိုင်ငံအားကစားသမားကို (၃)ပွဲ၊ (၂)ပွဲဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ တက်ရောက်သွားပါသည်။ ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ်အဖြစ် မြန်မာမှ နေသွေးဦးနှင့် စင်္ကာပူနိုင်ငံသားတို့ ယှဉ်ပြိုင်ကစားကြရာ စင်္ကာပူကို (၃)ပွဲပြတ် ဖြင့်ရှုံးနိမ့်ခဲ့ကာ မြန်မာမှ တတိယကြေးတံဆိပ်ဆုသာ ရရှိခဲ့ပါသည်။

ဆက်လက်၍ ညနေပိုင်း ဘိလိယက်တစ်ဦးချင်းဗိုလ်လုပွဲစဉ်အဖြစ် မြန်မာမှ ချစ်ကိုကိုနှင့် စင်္ကာပူနိုင်ငံသားတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာမှ ချစ်ကိုကို က (၃)ပွဲပြတ် ဖြင့်ရှုံးနိမ့်၍ ဒုတိယငွေတံဆိပ်ဆုသာ ရရှိခဲ့ပါသည်။ စနူကာ ကွာတာဖိုင်နယ်ပွဲစဉ်အဖြစ် မြန်မာမှ ကိုထက်နှင့် မလေးရှားနိုင်ငံအားကစားသမားတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာမှ ထက်နိုင်က (၄)ပွဲ၊ (၂)ပွဲဖြင့် အနိုင်ရကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားပါသည်။

ဆက်လက်၍ National Hockey Stadium အားကစားကွင်း၌ ကျင်းပပြုလုပ်သော အမျိုးသားဟော်ကီပြိုင်ပွဲတွင် မြန်မာဟော်ကီအသင်းမှ အင်ဒိုနီးရှားဟော်ကီအသင်းအား (၂)ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိသွားပါသည်။

မနက်ဖြန် သြဂုတ်လ(၂၆)ရက်နေ့ မြန်မာအားကစားအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပွဲစဉ်များမှာ ရေကူး၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ ဘတ်စကတ်ဘော(အမျိုးသမီး)၊ စက်ဘီး(BMX)၊ ခရစ်ကတ်(အမျိုးသား၊အမျိုးသမီး)၊ ဂျူဒို၊ ပီတန်း၊ ပိုက်ကျော်ခြင်း(၂)ယောက်တွဲ (အမျိုးသား၊ အမျိုးသမီး)၊ တိုက်ကွမ်ဒို၊ Squash ၊ အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်ကို မြန်မာစံတော်ချိန် နေ့လည်(၂)နာရီခွဲ အချိန်တွင် မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားကြမည် ဖြစ်ကြောင်း သိရှိရပါသည်။

ယနေ့အထိ မြန်မာအားကစားသမားများ ရရှိသော ဆုတံဆိပ်များမှာ ရွှေ(၆)ခု၊ ငွေ(၈)ခု၊ ကြေး(၁၂)ခု ရရှိထားကြောင်း သိရှိရပါသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/node/22