နေပြည်တော်၊ စက်တင်ဘာ (၆)ရက်။
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ပူးပေါင်း၍၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် U-17 ဘောလုံး(အမျိုးသား)ပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင်ကစားလျက်ရှိပါသည်။
ယနေ့ပွဲစဉ်များအဖြစ် နံနက်(၇)နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားကွင်း(၃)၌ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ (၆)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ညနေ(၃) နာရီခွဲအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားကွင်း(၁)၌ မွန်ပြည်နယ်အသင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဂိုးမရှိသရေရလဒ်ဖြင့်လည်းကောင်း၊ ၀ဏ္ဏသိဒ္ဓိအားကစားကွင်း(၃)၌ စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ဧရာ၀တီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တစ်ဘက်(၂)ဂိုးစီ သရေရလဒ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ပါသည်။

(၇.၉.၂၀၁၉)ရက်နေ့တွင် အုပ်စုပွဲစဉ်များအဖြစ် နံနက်(၇)နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားကွင်း(၃)၌ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့သည်လည်းကောင်း၊ ညနေ(၃)နာရီခွဲအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားကွင်း(၁)၌ ကယားပြည်နယ်အသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့သည်လည်းကောင်း၊ ၀ဏ္ဏသိဒ္ဓိအားကစားကွင်း(၃)၌ မကွေးတိုင်းဒေသကြီးအသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့သည်လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် ဘောလုံးအားကစားနည်းကိုစိတ်ပါ၀င်စားသော မိဘပြည်သူများအနေဖြင့် အခမဲ့လာရောက်ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိပါသည်။