ရန်ကုန်၊ စက်တင်ဘာလ (၁၅)ရက်။
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၏စီစဉ်မှုဖြင့် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်နှင့်မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်တို့ပူးပေါင်း၍ မြန်မာနိုင်ငံတွင်အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် မြန်မာအင်တာနေရှင်နယ်ဆီးရီး၂၀၁၉ ကြက်တောင်ရိုက်ပွဲ နောက်ဆုံးနေ့နှင့် ဗိုလ်လုပြိုင်ပွဲဆုပေးပွဲများကို ယနေ့နေ့လယ်(၁)နာရီက ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ကျုံးကြီးလမ်းရှိ အမျိုးသားကြက်တောင်အားကစားရုံ၌ကျင်းပရာ ဗိုလ်လုပွဲနှင့်ဆုပေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကောင်စီ၀င် ကာကွယ်ရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီးဗိုလ်ချုပ် မြင့်နွယ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၀င် ၀န်ကြီးများနှင့် တာ၀န်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့်တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ပိုင်နှင့်အမှုဆောင်များ၊ ကြက်တောင်အားကစား၀ါသနာရှင်များတက်ရောက်ကြည့်ရှုအားပေးကြသည်။

ယနေ့ဗိုလ်လုပြိုင်ပွဲများအဖြစ် အမျိုးသား/အမျိုးသမီး Mixed ပြိုင်ပွဲတွင် တရုတ်တိုင်ပေအသင်းက ထိုင်းအသင်းကို (၂၁-၁၃)မှတ်၊ (၂၁-၁၄)မှတ်ဖြင့် (၂)ပွဲပြတ်အနိုင်ရရှိပြီး ဆုပေးပွဲကိုကျင်းပရာ ပထမဆုရရှိသည့် တရုတ်တိုင်ပေအသင်း၊ ဒုတိယဆုရ ထိုင်းအသင်းနှင့် ပူးတွဲတတိယဆုရ အင်ဒိုနီးရှားအသင်းနှင့် ထိုင်းအသင်းတို့အား ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှလည်းကောင်း၊ ဂုဏ်ပြုဆုငွေများကို အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှလည်းကောင်း၊ ဂုဏ်ပြုမှတ်တမ်းလွှာများကို ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာ၀န်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးတို့မှ အသီးသီးဆုများချီးမြှင့်၍လည်းကောင်း၊ ဆက်လက်ပြီး အမျိုးသားတစ်ဦးချင်း ဗိုလ်လုပြိုင်ပွဲ ဒါမာမာ(အိန္ဒိယ)နှင့် ကာရိုနို (အင်ဒိုနီးရှား)တို့ယှဉ်ပြိုင်ရာ အိန္ဒိယက (၂၁-၁၈)မှတ်၊ (၂၁-၁၄)မှတ်၊ (၂၁-၁၁)မှတ်ဖြင့် ဒါမာမာ(အိန္ဒိယ)က နှစ်ပွဲတစ်ပွဲဖြင့် အနိုင်ရရှိပြီး ဆုပေးပွဲကို ဆက်လက်ကျင်းပရာ ပထမဆုရ ဒါမာမာ(အိန္ဒိယ)၊ ဒုတိယဆုရ ကာရိုနို (အင်ဒိုနီးရှား)၊ တတိယဆုရ (အင်ဒိုနီးရှား)တို့အား တစ်ဦးချင်း ဆုတံဆိပ်များနှင့် ငွေသားဆုများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို မြန်မာနိုင်ငံအိုလံပစ်ကောင်စီအဖွဲ့၀င် ကာကွယ်ရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းနှင့် မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ပိုင်တို့မှဆုများအသီးသီး ချီးမြှင့်၍လည်းကောင်း၊ ဆက်လက်ပြီး အမျိုးသမီး တစ်ဦးချင်းဗိုလ်လုပြိုင်ပွဲကိုကျင်းပရာ တစ်ဦးချင်းဗိုလ်လုပြိုင်ပွဲတွင် ဘာတာရီ(အင်ဒိုနီးရှား)နှင့် ဖက်မာ၀ါဒီ (အင်ဒိုနီးရှား)တို့ ယှဉ်ပြိုင်ကစားရာ (၂၁-၁၆)မှတ်၊ (၂၁-၁၃) မှတ်ဖြင့် ဖက်မာ၀ါဒီ (အင်ဒိုနီးရှား)က နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိပြီးလည်းကောင်း၊ ပြိုင်ပွဲတွင် ပထမ ဖက်မာ၀ါဒီ(အင်ဒိုနီးရှား)၊ ဒုတိယ ဘာတာရီ(အင်ဒိုနီးရှား)နှင့် ပူးတွဲတတိယဆုရ သက်ထားသူဇာ(မြန်မာ)နှင့် ထိုင်းတို့ တစ်ဦးချင်း ဆုတံဆိပ်များ၊ ငွေသားဆုများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ချုပ်အမှုဆောင်တို့မှ ဆုများအသီးသီးချီးမြှင့်၍လည်းကောင်း၊ ဆက်လက်ပြီး အမျိုးသမီးနှစ်ယောက်တွဲ ဗိုလ်လုပြိုင်ပွဲတွင် ထိုင်းအသင်းနှင့် တရုတ်တိုင်ပေအသင်းတို့ယှဉ်ပြိုင်ရာ တရုတ်တိုင်ပေအသင်းက(၂၁-၁၈)မှတ်၊(၂၁-၁၇)မှတ်ဖြင့် အနိုင်ရရှိ၍လည်းကောင်း၊ အမျိုးသားနှစ်ယောက်တွဲဗိုလ်လုပွဲပြိုင်ပွဲတွင် အင်ဒိုနီရှားအသင်းနှင့် ထိုင်းအသင်းတို့ယှဉ်ပြိုင်ရာ အင်ဒိုနီရှားအသင်းက (၂၁-၁၆)မှတ်(၂၁-၁၅ )မှတ်ဖြင့် အသီးသီးအနိုင်ရရှိခဲ့ကြောင်း သိရှိရပါသည်။