ရန်ကုန်၊ စက်တင်ဘာလ (၁၆)ရက်။
နိုင်ငံတော်ရဲ့အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေး လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာမှာ နိုင်ငံတကာနှင့်အတူရင်ဘောင်တန်းဆောင်ရွက်အကောင်အထည်ဖော်သွားနိုင်စေဖို့အတွက် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီကချမှတ်ပေးထားတဲ့ အိုလံပစ်မူ၀ါဒ အတွေးအခေါ်တွေနဲ့ ယဉ်ကျေးမှု၊ ပညာပေးမှုဆိုင်ရာ အိုလံပစ်အသိပညာခံယူချက်တွေကို အခြေခံကစပြီး သိရှိနားလည်သဘောပေါက်နိုင်စေဖို့အတွက်ရည်ရွယ်၍ ယနေ့နံနက် (၈)နာရီ က ရန်ကုန်မြို့ ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံသင်တန်းခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာ၀န်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ သင်တန်းသား/သင်တန်းသူများတက်ရောက်ကြသည်။
ရှေးဦးစွာ သင်တန်းသား/သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်ပေးခဲ့ကြပြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီအနေနဲ့ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီနဲ့ ပူးပေါင်းပြီး အိုလံပစ် သွေးစည်းညီညွတ်ရေးအစီအစဉ်အရ၊ ယခုလိုအမျိုးသားအဆင့် အားကစားစီမံခန့်ခွဲသူများသင်တန်းတွေကို နှစ်စဉ်(၃)ကြိမ် ဖွင့်လှစ်ပေးသွားမှာဖြစ်ပြီး၊ ဒီနေ့ဖွင့်လှစ်သွားမည့် အမျိုးသားအဆင့် အားကစားစီမံခန့်ခွဲသူများသင်တန်း(၃/၂၀၁၉)အနေဖြင့် မြန်မာ့အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေးအတွက် များစွာအထောက်အကူပြု ပံ့ပိုးပေးနိုင်မယ့် အလွန်ထိရောက်တဲ့ သင်တန်းဖြစ်ကြောင်း။
ဒီသင်တန်းကိုတက်ရောက်ကြမည့် သင်တန်းသားများအနေနဲ့ သင်တန်းကပို့ချပေးမယ့် အားကစားအသိပညာ၊ အတတ်ပညာများကို မိမိတို့ရှိပြီးသား အတွေ့အကြုံကောင်းများနဲ့ပေါင်းစပ်ပြီး မြန်မာ့အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေးအတွက် အစွမ်းကုန်ပြန်လည်အသုံးချ အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်အောင် အစွမ်းကုန်ကြိုးပမ်းသွားကြပါ။ နိုင်ငံတော်ရဲ့ အားကစားတာ၀န်များကို အမျိုးသားရေးတာ၀န်တစ်ရပ်အဖြစ် လေးလေးနက်နက်ခံယူပြီး ဝိုင်း၀န်းကြိုးပမ်းဆောင်ရွက်သွားကြစေလိုပါကြောင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဌာနခွဲများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနများမှ အမျိုးသား(၁၅)ဦး၊ အမျိုးသမီး(၂၀)ဦး၊ စုစုပေါင်း(၃၅)ဦးတို့တက်ရောက်ကြရာ စက်တင်ဘာလ (၂၀)ရက်နေ့အထိ ဖွင့်လှစ်သင်တန်းဆင်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။