spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်သည် ရန်ကုန်တိုင်ဒေသကြီးလူမှုရေး၀န်ကြီးဖလား မြို့နယ်အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲဆုပေးပွဲနှင့် ပြည်ပသို့သွားရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအား လမ်းညွှန်အမှာစကားပြောကြား

ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်သည် ရန်ကုန်တိုင်ဒေသကြီးလူမှုရေး၀န်ကြီးဖလား မြို့နယ်အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲဆုပေးပွဲနှင့် ပြည်ပသို့သွားရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအား လမ်းညွှန်အမှာစကားပြောကြား

 
ရန်ကုန်၊ စက်တင်ဘာလ (၁၆)ရက်။
 
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေး၀န်ကြီးဖလား မြို့နယ်ပေါင်းစုံပြေးခုန်ပစ်ပြိုင်ပွဲကို စက်တင်ဘာလ (၁၄)ရက်နေ့မှ (၁၆)ရက်နေ့အထိ ရန်ကုန်မြို့ တာမွေမြို့နယ်(ကျိုက္ကဆံကွင်း) အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကွင်းအမှတ်(၁)တွင် ယနေ့နောက်ဆုံးနေ့ ပြိုင်ပွဲများနှင့် ဆုပေးပွဲများကို ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေး၀န်ကြီး ဦးနိုင်ငံလင်း၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာ၀န်ရှိသူများ တက်ရောက်ကြည့်ရှု့အားပေးကာ ဆုများချီးမြှင့်ပေးသည်။
 
 
ပြေးခုန်ပစ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲများကိုကျင်းပရာ အမျိုးသား/အမျိုးသမီး မီတာ(၁၀၀၊ ၂၀၀၊၄၀၀၊၈၀၀)ပြိုင်ပွဲများ အမျိုးသား/အမျိုးသမီး မီတာ ၄၀၀ (၄ ယောက်)၊ မီတာ ၁၀၀ (၄ယောက်) လက်ဆင့်ကမ်းပြိုင်ပွဲများ အမျိုးသား/အမျိုးသမီ (သံလုံးပစ်၊ သံပြာ၀ိုင်းပစ်၊လှံတံပစ်) ပြိုင်ပွဲများ၊ အမျိုးသား/အမျိုးသမီး  မီတာ (၁၅၀၀၊ ၃၀၀၀) အပြေးပြိုင်ပွဲများ၊ မီတာ ၅၀၀၀ လမ်းလျှောက်ပြိုင်ပွဲနှင့် ဗိုလ်လုပြိုင်ပွဲများကျင်းပခဲ့ပြီး ဗိုလ်လုပွဲတွင် အတန်းအသီးသီးမှ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်၊ ရန်ကုန်တိုင်းပြေးခုန်ပစ်ဆပ်ကော်မတီဥက္ကဋ္ဌနှင့်တာ၀န်ရှိသူများ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် အတွင်းရေးမှူးနှင့် တာ၀န်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ပေးသည်။
 
ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီး လူမှုရေး၀န်ကြီးဖလား မြို့နယ်အခြေခံပညာကျောင်းပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဖလားရရှိသွားသည့် လမ်းမတော်မြို့နယ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေး၀န်ကြီးဦးနိုင်ငံလင်းမှ တံခွန်စိုက်ဆုဖလားချီးမြှင့်ပေးသည်။
 
ယခုကျင်းပပြုလုပ်သည့် ပြိုင်ပွဲသည် ရှေ့လ အောက်တိုဘာလတွင်ကျင်းပပြုလုပ်မည့် တိုင်းဒေသကြီးနှင့်ပြည်နယ် ပြေးခုန်ပစ်ပြိုင်ပွဲအတွက်ရည်ရွယ်ကျင်းပတာဖြစ်ပြီး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အခြေခံပညာကျောင်းပေါင်းစုံမှ မြို့နယ်(၄၃)မြို့နယ် ပြိုင်ပွဲ၀င် အားကစားသမား စုစုပေါင်း(၁၀၇၀၀)တို့က အမျိုးသားEvent(၁၇)မျိုးနှင့် အမျိုးသမီး Event(၁၇)မျိုး ကျင်းပတာဖြစ်ပြီး ယခုပြိုင်ပွဲမှ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများနှင့် စံချိန်ကောင်းမွန်သူများကို ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု ပြေးခုန်ပစ်အသင်းအဖြစ် ရွေးချယ်ပါ၀င်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
 
ဆက်လက်ပြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီး ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဦးကျော်ဆန်း၊ ဦးကျော်ဦးနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်နှင့် တာ၀န်ရှိသူများလိုက်ပါလျှက် ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၁၉ ခုနှစ် စက်တင်ဘာလ(၁၇)ရက်နေ့မှ အောက်တိုဘာလ (၂၀)ရက်နေ့အထိ တင်းနစ်အားကစားနည်း ပူးတွဲလေ့ကျင့်မှုပြုလုပ်ရန်နှင့် ကူမင်းအပြည်ပြည်ဆိုင်ရာ တင်းနစ်ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရန်နှင့် စက်တင်ဘာလ(၂၄)ရက်နေ့မှ အောက်တိုဘာလ (၇)ရက်နေ့အထိ ကာတာနိုင်ငံတွင် (၅၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာပြေးခုန်ပစ်အဖွဲ့ချုပ်ညီလာခံသို့တက်ရောက်ရန်နှင့် ကမ္ဘာ့ပြေးခုန်ပစ်ဖိတ်ခေါ်ပြိုင်ပွဲများသို့ ၀င်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့၀င်များအားလမ်းညွှန်အမှာစကားပြောကြား အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
 
ရှေ့ဦးစွာ ပြည်ပသို့သွားရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်တို့က ပူးတွဲလေ့ကျင့်မှုပြုလုပ်ရန်နှင့် ပြိုင်ပွဲသို့၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီးဒုတိယ၀န်ကြီးက အမှာစကားပြောကြားရာတွင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် အားကစားသမားတစ်ဦးချင်းစီ၏ ပြိုင်ပွဲ၀င်ရောက်ယှဉ်ပြိုင်နိုင်မှု၊ တိုးတက်မှုအခြေအနေများကို သိလိုခြင်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲ၀င်အားကစားသမားများ၏ လိုအပ်ချက်များကို ပေါင်းစပ်ဖြည့်ဆည်းပေးနိုင်ရေးအတွက်လည်းဖြစ်ပါကြောင်း၊ အားကစားသမားများအနေဖြင့် အားကစားလုပ်သည့်နေရာတွင် ရူးသွပ်နေမှသာလျှင် အောင်မြင်မည်ဖြစ်ပါကြောင်း၊ မိမိ၏ စံချိန်ထက်မနိမ့်ကျဘဲ ပိုမိုကောင်းမွန်သောရလဒ်ဖြင့် ယှဉ်ပြိုင်စေလို၍ အစားအသောက် အနေအထိုင် အထူးဂရုပြုစေလိုပါကြောင်း၊ မိမိတို့၏ တနေ့တာလေ့ကျင့်မှုနှင့် ပြိုင်ပွဲများယှဉ်ပြိုင်ကစားရာတွင် ကြုံတွေ့ခဲ့ရသည်ကအကြောင်းအရာများ မိမိကိုယ်ကို ပြန်လည်သုံးသပ်ဖို့ နှင့်  ပူးတွဲလေ့ကျင့်ရာတွင် မိမိတို့နိုင်ငံနှင့် အကျိုရှိမည့် လေ့ကျင့်ရေး၊ သင်ကြားရေးနှင့် အနေအထိုင်/စာသောက်ရေး၊ အားကစားသမားများ ဆေးကုသရေးကအစ မိမိနိုင်ငံအားကစားတိုးတက်ရေးအတွက် လေ့လာမှတ်သားခဲ့ရန်လိုအပ်ပါကြောင်း လမ်းညွှန်အားပေးစကားပြောကြားပြီးနောက် ဒုတိ၀န်ကြီးနှင့် တာ၀န်ရှိပုဂ္ဂိုလ်များက သွားရောက်ယှဉ်ပြိုင်ကြမည့် အားကစားအဖွဲ့များအား  တစ်ဦးချင်းနှုတ်ဆက်အားပေးခဲ့ကြောင်းသိရှိရသည်။
 
အဆိုပါတင်းနစ်အားကစားနည်းပူးတွဲလေ့ကျင့်မှုပြုလုပ်ရန်နှင့် ကူမင်းအပြည်ပြည်ဆိုင်ရာ တင်းနစ်ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ကြားခံပုဂ္ဂိုလ်(၄)ဦး၊ အုပ်ချုပ်သူ/နည်းပြ(၂)ဦး၊ ကစားသမား(၈)ဦးစုစုပေါင်း(၁၄)ဦးနှင့် (၅၂)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ ပြေးခုန်ပစ်အဖွဲ့ချုပ်ညီလာခံသို့တက်ရောက်ရန်နှင့် ကမ္ဘာ့ပြေးခုန်ပစ်ဖိတ်ခေါ်ပြိုင်ပွဲများသို့၀င်ရောက်ယှဉ်ပြိုင်ရန် အဖွဲ့ခေါင်ဆောင်(၁)ဦး၊ အားကစားသမား(၁)ဦး စုစုပေါင်း(၂)ဦးတို့သည် သွားရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရှိရသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%E1%81%80%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8-%E1%80%92%E1%80%B1%E1%80%AB%E1%80%80%E1%80%BA%E1%80%90%E1%80%AC%E1%80%99%E1%80%BC%E1%80%9C%E1%80%B1%E1%80%B8%E1%80%85%E1%80%AD%E1%80%94%E1%80%BA%E1%80%9E%E1%80%8A%E1%80%BA-%E1%80%9B%E1%80%94%E1%80%BA%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%9C%E1%80%B0%E1%80%99%E1%80%BE%E1%80%AF%E1%80%9B%E1%80%B1%E1%80%B8%E1%81%80%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%96%E1%80%9C%E1%80%AC%E1%80%B8