နေပြည်တော်၊စက်တင်ဘာ(၁၆)ရက်။
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂၀၁၉ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် U-17 ဘောလုံး(အမျိုးသား) ဗိုလ်လုပွဲ ပွဲစဉ်ကို ယနေ့ညနေ(၃)နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားကွင်း၌ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်း၀န် ဦးမြသန်းထိုက်၊ အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီအဖွဲ့၀င်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှတာ၀န်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကာ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ယနေ့ယှဉ်ပြိုင်ကစားသော တတိယလုပွဲ ပွဲစဉ်အဖြစ် နံနက်(၇)နာရီခွဲအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားကွင်း၌ ဧရာ၀တီတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်းတို့ယှဉ်ပြိုင်ကစားကြရာ ဧရာ၀တီတိုင်းဒေသကြီးအသင်းမှ (၃)ဂိုး (၁)ဂိုးဖြင့် လည်းကောင်း၊ ညနေ(၃)နာရီအချိန်တွင် ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မိနစ်(၉၀)တွင် ဂိုးမရှိသရေကျနေပါသဖြင့် အချိန်ပိုဆက်လက်ယှဉ်ပြိုင်ရာ ဂိုးမရှိသရေကျနေသောကြောင့် ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ (၅)ဂိုး (၃)ဂိုးဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။

ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ အကောင်းဆုံးဂိုးသမားဆုရရှိသော ကျောနံပါတ်(၁) စိုးထက်၀င်း(ဧရာ၀တီ)နှင့် အကောင်းဆုံးနောက်တန်းအားကစားသမားဆုရရှိသော ကျောနံပါတ်(၃) ကျော်သီဟဇော်(ရန်ကုန်)တို့အား အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီအဖွဲ့၀င် ဒေါက်တာကျော်ငွေမှလည်းကောင်း၊ အကောင်းဆုံး အလယ်တန်းအားကစားသမားဆုရရှိသော ကျောနံပါတ်(၇) တာရာ၀င်းထက်(မန္တလေး)နှင့် အကောင်းဆုံးရှေ့တန်းအားကစားသမားဆုရရှိသော ကျောနံပါတ်(၁၀) ဝေဖြိုးကိုကို(မန္တလေး)တို့အား အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီအဖွဲ့၀င် ဦး၀င်းမောင်မှလည်းကောင်း၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုရရှိသော ကျောနံပါတ်(၉) သိန်းဇော်သီဟ(ရန်ကုန်)အား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှလည်းကောင်း၊
ဆက်လက်၍ တတိယဆုရရှိသွားသော ဧရာ၀တီတိုင်းဒေသကြီးအသင်းအား ငွေသားဆုနှင့်တစ်ဦးချင်းဆုတံဆိပ်များကို ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်း၀န် ဦးမြသန်းထိုက်မှလည်းကောင်း၊ ဒုတိယဆုရရှိသွားသော မန္တလေးတိုင်းဒေသကြီးအသင်းအား ငွေသားဆုနှင့်တစ်ဦးချင်းဆုတံဆိပ်များကို အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီ အတွင်းရေးမှူး ဒေါက်တာစန်းမောင်မောင်မှ လည်းကောင်း၊ ပထမဆုရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား ငွေသားဆုနှင့်တစ်ဦးချင်းဆုတံဆိပ်များအပြင် တံခွန်စိုက်ဆုဖလားကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။