ရန်ကုန်၊ စက်တင်ဘာလ (၁၇) ရက်။
၂၀၁၉ ခုနှစ် (၁၅) ကြိမ်မြောက် ဂျပန်ဖလား တံခွန်စိုက်ဂျူဒိုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ် အောင်ဆန်းအားကစားပြိုင်၀င်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံဂျပန်သံအမတ်ကြီး မစ္စတာ အီချီရိုမာရုယာမ၊ YJA (ရန်ကုန် ဂျပန် လူမျိုးများအသင်း) ဒုတိယဥက္ကဋ္ဌ မစ္စတာကဲအိဆုကဲ၊ JCCM (မြန်မာနိုင်ငံ ဂျပန် ကုန်သည်ကြီးများအသင်း)မှ ဥက္ကဋ္ဌ မစ္စတာဟီဒက်တိုရှိ၊ ဂျပန်စပို့စင်တာမှ မစ္စတာ ယိုကိုမိုရီအိုကနှင့် ဧည့်သည်တော်များ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးထွန်းထွန်း၊ ဒုတိယဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်များ၊ ပြိုင်ပွဲ၀င်အသင်း နည်းပြအုပ်ချုပ်သူများ အားကစားသမားများ တက်ရောက်ကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ အီချီရိုမာရုယာမနှင့် မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်းတို့က အလေးပြုခံ စင်မြင့်နေရာတွင် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတော်သီချင်းတီးလုံးများ ဂုဏ်ပြုတီးမှုတ်မှုခံယူပြီး မြန်မာနိုင်ငံဂျပန်သံအမတ်ကြီး မစ္စတာအီချီရိုမာရုယာမနှင့် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးထွန်းထွန်းတို့က အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးခဲ့သည်။
ယင်းနောက် အားကစားသမားများက သစ္စာအဓိဌာန်ရွတ််ဆိုပြီး ဂျပန်နိုင်ငံဟိုရှင်းအဲဆု တက္ကသိုလ်မှလှူဒါန်းပေးသော ဂျူဒို၀တ်စုံများပေးအပ်လှူဒါန်း၍ ပြိုင်ပွဲ၀င်အားကစားသမားများက ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့သည်။
ယခုပြိုင်ပွဲကို စက်တင်ဘာလ (၁၇)ရက်နေ့မှ (၂၀) ရက်နေ့အထိ ပြိုင်ပွဲအမျိုးအစား (က)တန်း အမျိုးသား(၉)တန်း၊ အမျိုးသမီး (၁၀)တန်း၊ (ခ)တန်းအမျိုးသား(၉)တန်း၊ အမျိုးသမီး (၆)တန်း၊ (က)တန်းအသင်းလိုက်အမျိုးသား(၄)သင်း၊ အမျိုးသမီး(၂)သင်း၊ (ခ)တန်း အသင်းလိုက် အမျိုးသား(၂)သင်းနှင့် အမျိုးသမီး (၂)သင်း ၊ ''ခတ''(၂)သင်း ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားနှင့်ကာယပညာသိပ္ပံမှ ရန်ကုန်၊မန္တလေး၊မော်လမြိုင်၊ တောင်ကြီး၊လွိုင်ကော်၊မုံရွာနှင့် ၀န်ကြီးဌာနများမှ အသင်းပေါင်း(၁၂)သင်း ပြိုင်ပွဲ၀င် အားကစားသမားစုစုပေါင်း(၂၀၆)ဦး ပါ၀င်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရှိရသည်။