နေပြည်တော်၊ အောက်တိုဘာ (၈)ရက်။
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံပီတန်းအဖွဲ့ချုပ်တို့၏ဖိတ်ကြားချက်အရ မြန်မာ-ဖိလစ်ပိုင်နှစ်နိုင်ငံ ချစ်ကြည်ရေးပီတန်းပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်တွင် နေပြည်တော် ပီတန်းအားကစားကွင်း၌ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦးနှင့်တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံပီတန်းအဖွဲ့ချုပ်မှတာ၀န်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။
ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်းနှင့် ဦးကျော်ဦးတို့မှ ဖိလစ်ပိုင်နိုင်ငံအသင်းမန်နေဂျာ Mis.Violeta အား အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ခဲ့ပါသည်။
ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ Triples (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများကိုယှဉ်ပြိုင်ကစားကြရာ ပထမ မြန်မာအသင်း၊ ဒုတိယ ဖိလစ်ပိုင်အသင်းတို့အား တာ၀န်ရှိသူများမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။
အဆိုပါ ပြိုင်ပွဲတွင် ဖိလစ်ပိုင်နိုင်ငံမှ အားကစားသမားဦးရေ အမျိုးသား(၇)ဦး၊ အမျိုးသမီး(၅)ဦး၊ စုစုပေါင်းအားကစားသမားဦးရေ(၁၂)ဦးဖြင့် ၀င်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရှိရပါသည်။