spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > (၂၀၁၉) ခုနှစ်၊ (၁၂)ကြိမ်မြောက် ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီးဖလား တိုက်ကွမ်ဒိုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတက်ရောက်

(၂၀၁၉) ခုနှစ်၊ (၁၂)ကြိမ်မြောက် ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီးဖလား တိုက်ကွမ်ဒိုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတက်ရောက်

ရန်ကုန်၊ (၂၀၁၉) ခုနှစ်၊ အောက်တိုဘာလ(၁၂)ရက်။

(၂၀၁၉) ခုနှစ်၊ (၁၂)ကြိမ်မြောက် ကိုရီးယားသံအမတ်ကြီးဖလား တိုက်ကွမ်ဒိုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွှန်မြို့နယ် အောင်ဆန်းအားကစားပြိုင်ဝင်းရှိ မိုးလုံလေလုံအားကစားရုံ၌ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဆိုင်ရာကိုရီးယားသမ္မတနိုင်ငံသံအမတ်ကြီး H.E Mr Lee Sang Hwa နှင့် ကိုရီးယားသမ္မတနိုင်ငံ သံရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်ဥက္ကဌ ဦးမြဟန်နှင့် အမှုဆောင် ကော်မတီဝင်များ၊ ပြိုင်ပွဲဝင်းအသင်းအုပ်ချုပ်သူ/နည်းပြ၊ ဒိုင်လူကြီးများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းနေရာယူပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး က နှုတ်ခွန်းဆက်အမှာစကားပြောကြားရာတွင် -

• မြန်မာနိုင်ငံတွင် ကိုရီးယားလူမျိုးတို့၏ ကိုယ်ခံပညာရပ်ဖြစ်သော တိုက်ကွမ်ဒိုပညာသည် (၁၉၇၃) ခုနှစ် မှ စတင်၍ စာပေမှတဆင့် ရောက်ရှိကာ လေ့ကျင့်ကစားခဲ့ကြကြောင်း၊

• (၁၉၈၆) ခုနှစ်အတွင်း ကမ္ဘာ့တိုက်ကွမ်ဒိုအဖွဲ့ချုပ်သရုပ်ပြအဖွဲ့မှ မြန်မာနိုင်ငံသို့လာရောက် သရုပ်ပြခဲ့ရာမှ စတင်ပြီး မြန်မာတို့ တိုက်ကွမ်ဒိုအားကစားနည်းကို ပိုမိုသိမြင်ခဲ့ကြပါကြောင်း၊

• (၁၉၈၇) ခုနှစ်တွင် မြန်မာနှင့်ကိုရီးယားနှစ်နိုင်ငံချစ်ကြည်ရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်အရ ကိုရီးယားလူမျိုးတိုက်ကွမ်ဒိုနည်းပြ(၁)ဦး ရန်ကုန်မြို့သို့ရောက်ရှိလာပြီး အခြေခံနှင့် အဆင့်မြင့် တိုက်ကွမ်ဒို သင်တန်းများဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊

• (၁၉၈၉) ခုနှစ် ၊ ဇွန်လ(၁၂) ရက်နေ့မှာ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်ကို ဖွဲ့စည်းတည်ထောင်ကာ မြန်မာနိုင်ငံ တစ်ဝှမ်း တိုက်ကွမ်ဒိုအားကစားနည်းပြန့်ပွားရေးအတွက် ပိုမိုဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊

• မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်ဖွဲ့စည်းပြီးနောက် (၁၉၈၉) ခုနှစ် (၁၅)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှစတင်၍ ယခုအချိန်အထိ (၂)နှစ်တစ်ကြိမ် ကျင်းပပြုလုပ်ခဲ့သော အရှေ့တောင်အာရှအားကစား ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်(၇)ခု၊ ငွေတံဆိပ်(၉)ခု၊ ကြေးတံဆိပ်(၄၇)ခု အထူးသဖြင့် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သော (၂၀၁၃) ခုနှစ်၊ (၂၇)ကြိမ်မြောက်အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် ရွှေတံဆိပ်(၄)ခု၊ ငွေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၆)ခု ရရှိခဲ့ကာ အပြည်ပြည်ဆိုင်ရာ တိုက်ကွမ်ဒို ဖိတ်ခေါ် ပြိုင်ပွဲများတွင်လည်း ရွှေတံဆိပ်(၃၅)ခု၊ ငွေတံဆိပ်(၃၈)ခု၊ ကြေးတံဆိပ် (၇၈)ခုဆွတ်ခူးပြီး အမိမြန်မာနိုင်ငံတော်၏ ဂုဏ်ဆောင်နိုင်ခဲ့ကြပါကြောင်း၊

• နှစ်နိုင်ငံချစ်ကြည်ရေးအဓွန့်ရှည်ရေးကို မျှော်မှန်းပြီး ကိုရီးယားသံအမတ်ကြီးဖလား တိုက်ကွမ်ဒိုပြိုင်ပွဲများကို (၂၀၀၆) ခုနှစ် မှစတင်၍ နှစ်စဉ်ကျင်းပပြုလုပ်ပေးခဲ့ပြီး ယခုနှစ်တွင် (၁၂)ကြိမ်မြောက်ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊

• ယခုပြိုင်ပွဲတွင် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း(၆)ကျောင်းမှ သင်တန်းသား/သူများ၊ ဝန်ကြီးဌာန အသင်းများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသင်းများ၊ ကလပ်အသင်းများ အပါအဝင် ပြိုင်ပွဲဝင်းအသင်း(၂၈)သင်း၊ စုစုပေါင်း ပြိုင်ပွဲဝင်အင်အား(၅၅၀)ကျော်ဖြင့် ဝင်ရောက် ယှဉ်ပြိုင်နိုင်တာကို တွေ့ရှိရပါကြောင်း၊

• ယခုကဲ့သို့ ပြိုင်ပွဲများမှ မြန်မာနိုင်ငံအတွက် ထူးချွန်ထက်မြက်သော မျိုးဆက်သစ် တိုက်ကွမ်ဒိုအားကစား သမားများကို ရွေးချယ်နိုင်ခဲ့သည်ကိုလည်း တွေ့ရှိရပါကြောင်း၊ အားကစားနည်းတစ်ခုတွင် ထူးချွန်ထက်မြက်သူ ကစားသမားများ ရွေးချယ်မွေးထုတ်ပေးနိုင် ရေးအတွက် အားကစားပြိုင်ပွဲများကို အကြိမ်အရေအတွက်များစွာ ပြုလုပ်ရန် လိုအပ်သည့်အတွက် တိုက်ကွမ်ဒို ပြိုင်ပွဲများကို ယခုထက်ပိုမိုပြီး ထပ်တိုးကျင်းပပေးဖို့ တိုက်တွန်း မှာကြားလိုပါကြောင်း၊

• ကျောင်းသား၊ ကျောင်းသူများ အားကစားလေ့ကျင့်မှုကို ရင်းနှီး၍ လေ့လာလိုက်စားနိုင်ရန် မြန်မာတစ်နိုင်ငံလုံးရှိ ကျောင်းများတွင် တိုက်ကွမ်ဒိုအားကစားနည်းကို လိုက်လံသရုပ်ပြသကစား စေလိုပါကြောင်း၊

• တိုက်ကွမ်ဒိုအားကစားနည်းကိုလေ့ကျင့်ကစားခြင်းဖြင့် မိမိကိုယ်ကိုယုံကြည်မှု၊ ရပ်တည်နိုင်မှု၊စည်းကမ်းရှိမှုနှင့် မိမိကိုယ်ကိုကာကွယ်နိုင်မှုတို့ရရှိပိုင်ဆိုင်လာ မည်ဖြစ်ပါကြောင်း၊

• အားကစားလေ့ကျင့်လိုက်စားခြင်းအားဖြင့် အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဆေးစွဲလမ်းခြင်းကိစ္စ ရပ်များ လျော့နည်းပပျောက်သွားမည်ဖြစ်ပါကြောင်း၊

• မြန်မာ့တိုက်ကွမ်ဒို အားကစားအဆင့်အတန်း ဖွံ့ဖြိုးတိုးတက်ရန်၊ နိုင်ငံတကာပြိုင်ပွဲများတွင် တိုက်ကွမ်ဒို အားကစားနည်းအောင်မြင်မှုရရှိရန်တို့အတွက် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာဖြင့် ကူညီပံ့ပိုးဆောင်ရွက်ပေးသော ကိုရီးယားသမ္မတနိုင်ငံကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

 

•ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr Lee Sang Hwa က အမှာစကားပြောကြားရာတွင် နှစ်နိုင်ငံဆက်ဆံရေးတိုးတက်စေရန်အတွက် ခရီးသွားလာရေးကဏ္ဍ၊ ယဉ်းကျေးမှု ကဏ္ဍ၊ အားကစားကဏ္ဍနှင့် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများကို စီစဉ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ တိုက်ကွမ်ဒိုအားကစားနည်းဟာ စည်းမျဉ်းစည်းကမ်း၊ မိမိကိုယ်ကို ထိန်းချုပ်နိုင်မှု၊ အခြားမည်သို့ သော စိန်ခေါ်မှုမျိုးကိုမဆို ကျော်လွှားနိုင်သလိုဘဲ စိတ်ဓါတ်ကြံ့ခိုင်မှု အခြေခံထားသော ကိုရီးယားရိုးရာ အားကစားနည်းဖြစ်ပါကြောင်း၊ မြန်မာနှင့်ကိုရီးယား နှစ်နိုင်ငံသည် သမိုင်းကြောင်းအရသော်လည်းကောင်း၊ စိတ်ဓါတ်ပိုင်းဆိုင်ရာသော်လည်းကောင်း၊ တူညီသောအချက် များစွာရှိနေပါသောကြောင့် မြန်မာနိုင်ငံတွင် ကိုရီးယားနိုင်ငံရဲ့ တိုက်ကွမ်ဒိုအားကစားနည်း ပြန့်ပွားလာသည့်အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်မိပါကြောင်း ပြောကြားခဲ့ပြီးဆက်လက်၍ မြန်မာနိုင်ငံတိုက်ကွမ်ဒို အဖွဲ့ချုပ်ဥက္ကဌ ဦးမြဟန် ကကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

ယင်းနောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး H.E Mr Lee Sang Hwa နှင့် ကိုရီးယား သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်ဥက္ကဌ ဦးမြဟန် တို့က ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ခဲ့ပြီး ပြိုင်ပွဲအား ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် အသက်(၁၂)နှစ်၊ အသက်(၁၇)နှစ်အောက်နှင့် အသက်(၁၈)နှစ်အထက် အမျိုးသား/ အမျိုးသမီးအတိုက်၊ ' က' ကွက်ပြိုင်ပွဲများတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၊ ဝန်ကြီးဌာနအသင်းများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ၊ ကလပ်အသင်းများ စုစုပေါင်း(၂၈) သင်း ပါဝင်၍ ပြိုင်ပွဲဝင်အားကစားသမား(၅၀၀)ကျော်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းသိရှိရသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%89-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%81%81%E1%81%82%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%80%E1%80%AD%E1%80%AF%E1%80%9B%E1%80%AE%E1%80%B8%E1%80%9A%E1%80%AC%E1%80%B8%E1%80%9E%E1%80%99%E1%80%B9%E1%80%99%E1%80%90%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6-%E1%80%9E%E1%80%B6%E1%80%A1%E1%80%99%E1%80%90%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%96%E1%80%9C%E1%80%AC%E1%80%B8-%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%80%E1%80%BD%E1%80%99%E1%80%BA%E1%80%92%E1%80%AD%E1%80%AF%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2