ကော့သောင်း အောက်တိုဘာ ၁၆
ကော့သောင်းခရိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ကော့သောင်းစက်ဘီးအသင်း (KTCC)တို့ ပူးပေါင်း၍ (၃)ခရိုင် ဖိတ်ခေါ် တောင်တက်ခရီးကြမ်း Mountain Bike Challenge 2019 ပြိုင်ပွဲအား ယခု အောက်တိုဘာလ (၁၉) ရက်နေ့တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။
ပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်သုံးခရိုင်ဖြစ်သည့် ထားဝယ်ခရိုင်၊ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တို့မှ စက်ဘီးအားကစားသမားများအား ဖိတ်ခေါ်ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲအား အသက်(၄၀) အထက်နှင့် အသက်(၄၀)အောက် အတန်း နှစ်တန်းခွဲ ပြုလုပ်သွားမည်ဖြစ်ရာ အတန်းနှစ်တန်းလုံးတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ထိုက်တန်စွာဆုများချီးမြှင့်ပေးမည့်အပြင် ပြိုင်ပွဲ သတ်မှတ်ချိန် (၁:၃၀)နာရီ အတွင်းပန်းဝင်သော စက်ဘီးသမားများအား အမှတ်တရ FINISHER ဆုများချီးမြှင့်သွားမည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲအား ကျန်းမာကြံ့ခိုင်သည့်မျိုးဆက်သစ်လူငယ် စက်ဘီးစီးအားကစား သမားများ ထွန်းကားလာရေး၊ (၃)ခရိုင်အတွင်းမှ စက်ဘီးသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း စက်ဘီးအားကစားကို လူငယ်လူရွယ်များ ပိုမို စိတ်ဝင်စားလာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး နှစ်စဉ် ခရိုင်(၃)ခုရှိ အဓိက မြို့ကြီးများတွင် အလှည့်ကျ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။