နေပြည်တော်၊ ဇန်နဝါရီလ(၁၅)ရက်။
မျိုးဆက်သစ် အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက် (၉:ဝဝ)နာရီအချိန်မှစတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ် ဗိုဗီနမ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဝဏ္ဏသိဒ္ဓိအားကစားရုံ (C)ရုံတွင်ကျငး်ပ ပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာ ကော်မတီဥက္ကဌ နှင့်အဖွဲ့ဝင်များ တက်ရောက်ကြပါသည်။
အစီအစဉ်အရ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်း ဝင်ရောက်နေရာယူပြီးနောက် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အမှာစကားပြောကြားရာ ဗိုဗီနမ်အားကစားနည်းသည် အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံဖြစ်သည့် ဗီယက်နမ်နိုင်ငံ၏ ရိုးရာကိုယ်ခံအားကစားနည်း ဖြစ်ပါကြောင်း၊ အရှေ့တောင်အာရှနှင့် ဥရောပအဆင့် ပြိုင်ပွဲများတွင် ထည့်သွင်းကျင်းပနေသော အားကစားနည်း တစ်ခုလည်းဖြစ်ပါကြောင်း၊ ဗိုဗီနမ်အားကစားနည်းသည် မြန်မာ့ရိုးရာသိုင်းပညာ၏ ဟန်ပန်များနှင့် ရာခိုင်နှုန်းတော်တော် များများ တူညီပါကြောင်း၊ သို့ဖြစ်ပါ၍ ဗိုဗီနမ် အားကစားနည်းကို မြန်မာ့သိုင်းအဖွဲ့ချုပ်၏ ဦးဆောင်မှုအောက်တွင် မြန်မာနိုင်ငံ ဗိုဗီနမ်အဖွဲ့ချုပ်ကိုဖွဲ့စည်းပြီး ဗီယက်နမ်သို့ လေ့လာရေးခရီးစေလွှတ်ပြီး မြန်မာ့သိုင်းမှ အားကစားသမားများကို ရွေးချယ်၍ ဗီယက်နမ်နိုင်ငံမှ နည်းပြများ၏ အကူအညီဖြင့် လေ့ကျင့်သင်ကြားစေခြင်းတို့ဖြင့် ဗိုဗီနမ်အားကစားနည်း အဆင့်အတန်းကို တိုးမြှင့်ပေးခဲ့ပါကြောင်း၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှပြိုင်ပွဲနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရာတွင် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရရှိပြီး အောင်မြင်မှုရရှိခဲ့ပါကြောင်း၊ ဗိုဗီနမ် အားကစားနည်းအား တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပျံ့ပွားစေရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ နည်းပြများအား ဗိုဗီနမ်အားကစားနည်းအား စနစ်တကျ သင်တန်းများပို့ချ၍ သင်ကြားပေးခဲ့ပါကြောင်းနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင် ဗိုဗီနမ်အားကစားနည်း စဉ်ဆက်မပြတ် ပိုမိုတိုးတက်အောင်မြင်စေရန် ဝိုင်းဝန်းကြိုးစားကြ စေလိုကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဗိုဗီနမ်ပြိုင်ပွဲကို ၂ဝ၁၆ခုနှစ်မှစတင်၍ ကျင်းပပေးခဲ့ရာ ယခုနှစ်မှာ ဒုတိယမြောက်ကိုရောက်ရှိခဲ့ပြီ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ စိတ်ပါဝင်စား စွာဖြင့် အားတက်သရော ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ အတွက်လည်း မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း ပြောကြားပါသည်။

ဆက်လက်၍ အားကစားသမားများမှ အားကစားသစ္စာအဓိဌာန် ရွတ်ဆိုကြပြီးနောက် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာ ကော်မတီဥက္ကဌ Dr. ဇော်လင်းထွဋ် နှင့်အဖွဲ့ဝင်များတို့နှင့်အတူ ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ပါသည်။
ဆက်လက်၍ ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အသင်းလိုက်သရုပ်ပြပြိုင်ပွဲနှင့် တစ်ဦးချင်းအတိုက် ကီလိုတန်းပြိုင်ပွဲများ ကျင်းပပြုလုပ်ရာ အဆိုပါပြိုင်ပွဲများအား ñွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာ ကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ တိုင်းဒေသကြီးနှင့်ပြည်နယ် ဗိုဗီနမ်ပြိုင်ပွဲကို ဇန်နဝါရီလ (၁၅) ရက်နေ့မှ (၁၈) ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ (ဃ) ရုံတွင် ပြိုင်ပွဲများကို နံနက် (၉းဝဝ) နာရီမှစတင်၍ ဆက်လက်ယှဉ်ပြိုင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။