ရန်ကုန်၊ စက်တင်ဘာလ(၂၈)ရက်။
အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ သွေးစည်းညီညွတ်ရေး အစီအစဉ်ရဖွင့်လှစ်သည့် ကနူး/ကယက်လှေနည်းပြသင်တန်းအဆင့်(၁)သင်တန်း ဖွင့်ပွဲအခမ်းနားကို ယနေ့နံနက်(၉)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊တာမွေမြို့နယ် ကျိုက္ကဆံ အားကစားနှင့်ကာယပညာသိပ္ပံရုံးဟောင်း၌ ကျင်းပရာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ၊ ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာ၀န်ရှိပုဂ္ဂိုလ်များ၊ အပြည်ပြည်ဆိုင်ရာ ကနူးအဖွဲ့ချုပ် (ICF) တာ၀န်ပေးအပ်သူ ၊ နည်းစနစ်ကျွမ်းကျင်သူ ဘူလ်ဂေးရီးယားနိုင်ငံမှ Mr. Adan Aliev နှင့် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ တာ၀န်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းသား/သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုဖွင့်လှစ်သည့် ကနူး/ကယက် နည်းပြသင်တန်း အနေနဲ့ မြန်မာ့ကနူး/ကယက် အားကစားအဆင့်အတန်းမြင့်မားရေးအတွက် များစွာအထောက်အကူပြု ပံ့ပိုးပေးနိုင်မယ့် အလွန်ထိရောက်သော သင်တန်းဖြစ်ရာ ယခုသင်တန်းကို တက်ရောက်လာကြတဲ့ သင်တန်းသားများအနေနဲ့ ယခုသင်တန်းက စာတွေ့၊ လက်တွေ့ပို့ချပေးမည့် ခေတ်မီ အဆင့်မြင့်အသိပညာ၊ အတတ်ပညာများကို မိမိတို့ရှိပြီးသား အတွေ့အကြုံကောင်းများနဲ့ ပေါင်းစပ်ပြီး မြန်မာ့ကနူး/ကယက် အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် အစွမ်းကုန် ပြန်လည် အသုံးချ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်အောင် ကြိုးပမ်းသွားကြစေလိုပါကြောင်း၊ နိုင်ငံတော်တစ်ဝှမ်းလုံးနဲ့ တစ်မျိုးသားလုံးက မျှော်လင့်တောင့်တနေကြတဲ့ မြန်မာ့ အားကစား အောင်မြင်မှုများအတွက် အမျိုးသားရေးတာ၀န်တစ်ရပ်အဖြစ် အလေးအနက်ခံယူ ကြိုးပမ်း ဆောင်ရွက်သွားကြပါလို့ လေးလေးနက်နက်တိုက်တွန်းမှာကြားလိုကြောင်း၊ မြန်မာကနူး/ ကယက် အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် အထောက်အကူပြုစေမယ့် ကနူး/ကယက်နည်းပြသင်တန်း (Level-1) ဖွင့်လှစ်နိုင်ရေးအတွက် ကူညီပေးခဲ့ကြတဲ့ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အပြည်ပြည် ဆိုင်ရာကနူးအဖွဲ့ချုပ် (ICF) ၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်နှင့် သင်တန်းမှာ ယခုလိုမြန်မာနိုင်ငံကို လာရောက်ပြီး စာတွေ့လက်တွေ့ ပို့ချသင်ကြားပေးတဲ့ အပြည်ပြည်ဆိုင်ရာ ကနူးကယက်အဖွဲ့ချုပ်မှ တာ၀န် ပေးအပ်သူနည်းနစ်ကျွမ်းကျင်သူ ဘူလ်ဂေးရီးယား နိုင်ငံမှ Mr. Adnan Aliev ကို အထူး ကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ ကနူးအဖွဲ့ချုပ် (ICF) တာ၀န်ပေးအပ်သူ ၊ နည်းစနစ်ကျွမ်းကျင်သူ ဘူလ်ဂေးရီးယားနိုင်ငံမှ Mr. Adan Aliev ကအမှာစကားပြောကြား၍ တက်ရောက်လာကြသည့် သင်တန်းသား/သင်တန်းသူးများနှင့် တစ်ဦးချင်းမိတ်ဆက်ပေးပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ခဲ့သည်။
အဆိုပါသင်တန်းကို တိုင်းဒေသကြီးနှင့်ပြည်နယ်မှ သင်တန်းသား(၃၀)ဦး၊ သင်တန်းသူ(၄) ဦး၊ စုစုပေါင်း(၃၄)ဦးတက်ရောက်သင်ကြားပြီး (၂၈.၁၀.၂၀၁၉)ရက်နေ့မှ (၅.၁၁.၂၀၁၉) ရက်နေ့အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။