ရန်ကုန်၊ အောက်တိုဘာလ(၂၆)ရက်။
၂၀၁၉ခုနှစ်၊ ဖိလစ်ပိုင်နိုင်ငံတွင် အိမ်ရှင်အဖြစ် နို၀င်ဘာလ(၃၀)ရက်နေ့မှ ဒီဇင်ဘာလ(၁၁)ရက်နေ့အထိ ကျင်းပမည့် (၃၀)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများ အမည်စာရင်း အပြီးသတ်ရွေးချယ်သတ်မှတ်အတည်ပြုနိုင်ရန်အတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက ရန်ကုန်မြို့ ကျိုက္ကဆံကွင်း အားကစားနှင့်ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်း၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ မြလေးစိန် တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။
အဆိုပါအစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန အမြဲတမ်းအတွင်း၀န် ပါမောက္ခဒေါက်တာသာထွန်းကျော် ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် ၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်း၀န် ဦးမြသန်းထိုက်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ဦးနှင့် သက်ဆိုင်ရာဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ တာ၀န်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများ၊ တွဲဘက်အတွင်းရေးမှူးများနှင့် တာ၀န်ရှိသူများတက်ရောက်ကြသည်။
အစီအစဉ်အရ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန်မှ အရှေ့တောင်အာရှဒေသတွင်း အားကစားပြိုင်ပွဲများတွင် အမြင့်ဆုံးပြိုင်ပွဲတစ်ခုဖြစ် (၂)နှစ်တစ်ကြိမ် ကျင်းပလျက်ရှိသည့် (၃၀)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအဖြစ် ဖိလစ်ပိုင်နိုင်ငံတွင် ၂၀၁၉ခုနှစ်၊ နို၀င်ဘာလ(၃၀)ရက်နေ့မှ ဒီဇင်ဘာလ(၁၁)ရက်နေ့အထိ အိမ်ရှင်အဖြစ် အားကစားနည်း (၅၆)နည်းထည့်သွင်းကျင်းပမှာ ဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း(၃၁)နည်းဖြင့် ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ရာ အားကစားအဖွဲ့ချုပ်များအနေဖြင့် ဆုတံဆိပ်များရရှိနိုင်ရေးအတွက် ဝိုင်း၀န်းကူညီ ဆောင်ရွက်ပေးစေလိုကြောင်း၊ ပြိုင်ပွဲကာလ (၁)လကျော်သာ ရှိတော့သည့်အတွက် အဖွဲ့ချုပ်များမှ အားကစားနည်းအလိုက် By Name များကို နောက်ဆုံးအတည်ပြု ဆုံးဖြတ်ပြီး ပေးစေလိုပါကြောင်း၊ အားကစားသမားများ ရွေးချယ်ဆုံးဖြတ်ရာတွင်လည်း မိမိတို့အဖွဲ့ချုပ်အလိုက် EC များအား ချပြအသိပေးစေလိုကြောင်း၊ By Name အုပ်ချုပ်သူ/နည်းပြများနှင့် လိုက်လံအားပေးမည့် အမည်စာရင်းများအား အမြန်ဆုံးပေးစေလိုကြောင်း၊ ပြိုင်ပွဲကာလအတွင်း ခရီးစဉ်ရှည်သည့် အတွက်ကြောင့်် အဖွဲ့ချုပ်မှ တာ၀န်ရှိသူများက သွားရောက်ကြမည့် အားကစားအဖွဲ့များကို ကြိုတင်အသိပေးထားသင့်ပါကြောင်း၊ အဖွဲ့ချုပ်များအနေဖြင့် အခက်အခဲများ ရှိပါက ပြိုင်ပွဲကျင်းပရေး Organizing Committee နှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်စေလိုပါကြောင်း ပြောကြားသွားသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များဖြစ်ကြသည့် ဟော်ကီ၊ ကရာတေး၊ ပီတန်း၊ ရိုးရာလက်ဝှေ့၊ ပြေးခုန်ပစ်၊ ရေကူး၊ ဘိလိယက်နှင့် စနူကာ၊ စကိတ်၊ စစ်တုရင်၊ နပန်း၊ ရွက်လှေ၊ အလေးမ၊ ဘော်လီဘော၊ Arnis ၊ ဘတ်စကက်ဘော၊ မြားပစ်၊ သေနတ်ပစ်၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒို၊ ဘိုလင်း၊ ဂျူဒို၊ Fancing ၊ ပိုက်ကျော်ခြင်း၊ တင်းနစ်၊ လှေလှော်၊ ကြက်တောင်၊ ဂေါက်သီး ၊ ဘောလုံး အဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ တွဲဘက်အတွင်းရေးမှူးများ နှင့် တာ၀န်ရှိသူတို့က အားကစားနည်းအလိုက် အုပ်ချုပ်သူ/နည်းပြနှင့် အားကစားသမားများ၏ By Name အတည်ပြုတင်ပြခြင်း၊ Observer အမည်စာရင်းများပေးခြင်း၊ ပြိုင်ပွဲမကျင်းပမှီ ကြိုတင်လေ့ကျင့်ပြင်ဆင်နိုင်ခြင်း၊ အားကစားအထောက်အကူပြုနှင့် ပြိုင်ပွဲသုံးပစ္စည်းများအား ရေကြောင်းဖြင့် အချိန်မှီပို့ဆောင်နိုင်ရေးနှင့်Joint Training သွားရောက်လေ့ကျင့်မည့် အစီအစဉ်များ အားကစားနည်းအလိုက် အားကစားကွင်း/ရုံ အခြေအနေဖြင့် ၊ တည်းခို/နေထိုင် နိုင်ရေးကိစ္စရပ်များကို အဖွဲ့ချုပ်များက အသီးသီးဆွေးနွေး တင်ပြကြသည်။
ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာသည့် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးနှင့် တာ၀န်ရှိသူများတို့က ပြိုင်ပွဲကျင်းပရေးကော်မတီမှ အဖွဲ့ချုပ်များမှ လိုက်ပါဆောင်ရွက်ကြမည့် ဒိုင်များအားလုံးအား လေယာဉ်ခရီးစဉ်နှင့်တည်းခိုနေထိုင်ရေး အားလုံးတို့ တာ၀န်ယူဆောင်ရွက်ထားပါကြောင်း၊ အဖွဲ့ချုပ်များဘက်ကလည်း နောက်တိုး Observer Nameများကို အမြန်ဆုံးပေးစေလိုကြောင်း၊ တစ်ချို့အားကစားနည်းများတွင် နိုင်ငံခြား နည်းပြများအတွက် ဗီဇာကိစ္စများ အချိန်မီ ဆောင်ရွက်နိုင်ရေးအတွက် အားကစားနည်းအလိုက် ဒေတာအချက်အလက်များ ပေးစေလိုကြောင်း၊ ပြိုင်ပွဲမစတင်မီ ပြည်ပနိုင်ငံများသို့ ပူးတွဲသွားရောက်ကြမည့် အားကစားနည်းများရှိပါက ကြိုတင်ဆောင်ရွက်နိုင်ရေးနှင့် လေ့ကျင့်ရေးသုံး ပြိုင်ပွဲ၀င်၀တ်စုံများကို ပေးထားခြင်းဖြစ်သည့်အတွက် မိမိအားကစားသမား နှင့်ကိုက်ညီမှုရှိအောင် ကြိုတင်ဆောင်ရွက်ထားစေလိုပါကြောင်းဖြင့် ရှင်းလင်းတင်ပြ အကြံပြုကြသည်။
ထို့နောက် ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန် မှ By Name များကို နောက်ဆုံးအဆင့် တောင်းယူအတည်ပြုနိုင်ရေးအတွက်ဖြစ်ကြောင်း၊ လိုက်လံအားပေးမည့် အမည်စာရင်းများလဲ သက်ဆိုင်ရာ ဌာနများသို့ အဖွဲ့ချုပ်များအနေဖြင့် အမြန်ဆုံးပေးစေလိုကြောင်း၊ ပြိုင်ပွဲယှဉ်ပြိုင်စဉ် ကာလအတွင်း ကျင်းပရေးကော်မတီမှ သတ်မှတ်ထားသည့် ပြိုင်ပွဲ၀င် ၀တ်စုံဖြင့်သာ ယှဉ်ပြိုင်စေနိုင်ရေးအတွက် အထူးအရေးကြီးပါကြောင်းနှင့် ပြိုင်ပွဲကွင်းသို့သွားရာတွင် ပြိုင်ပွဲ၀တ်စုံကို ကိုယ်နှင့်တစ်ပါတည်း ယူဆောင်သွား စေလိုကြောင်း၊ အားကစားသမားများဘက်က ကြိုးစားသည့်အပြင် ဆုတံဆိပ်များရရှိအောင် အဖွဲ့ချုပ်ဥက္ကဋ္ဌကြီးများကလည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကြိုးစားပေးကြစေလိုပါကြောင်း ပြောကြားခဲ့သည်။