spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ပါ၀င်ကူညီပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံ အားကစားမီဒီယာအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် ၂၀၁၈ခုနှစ်အတွက် မြန်မာ့အကောင်းဆုံး အားကစားသမားဆု ချီးမြှင့်ပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းတက်ရောက်ချီးမြှ

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ပါ၀င်ကူညီပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံ အားကစားမီဒီယာအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် ၂၀၁၈ခုနှစ်အတွက် မြန်မာ့အကောင်းဆုံး အားကစားသမားဆု ချီးမြှင့်ပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းတက်ရောက်ချီးမြှ

ရန်ကုန်၊ အောက်တိုဘာလ( ၃၁ )ရက်။        

မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်သည် ၂၀၁၈ခုနှစ်၊ ပြက္ခဒိန်နှစ် တစ်နှစ်တာကာလအတွင်း နိုင်ငံတကာ အားကစားပြိုင်ပွဲများ၌ အောင်မြင်မှု ရရှိခဲ့သော  အားကစားသမားများအနက် အောင်မြင်မှုအရှိဆုံး အားကစားသမားများအား အကောင်းဆုံးဆု '' Year of  The Best  Player" အကောင်းဆုံးဆုများပေးအပ်နိုင်ရန် အတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့များက အသေးစိတ် စီစစ်ရွေးချယ်ခဲ့ရာ ယနေ့နံနက်(၁၀)နာရီက ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ ပါ၀င်မှုဖြင့် မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့်  ၂၀၁၈ခုနှစ်အတွက် မြန်မာအကောင်းဆုံး အားကစားသမားဆုများချီးမြှင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်း တက်ရောက် ကာ ဆုများချီးမြှင့်ပေးသည်။

အခမ်းအနားသို့ အားကစား၀န်ကြီးဌာန၀န်ကြီး(ငြိမ်း) ဦးစိန်၀င်း၊ မြန်မာနိုင်ငံအိုလံပစ်  ကော်မတီဒုတိယဥက္ကဋ္ဌ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်၊ မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ် နာယက ဒေါက်တာတင်ထွန်းဦး၊ ဥက္ကဋ္ဌဦးဝဏ္ဏထွန်နှင့် တာ၀န်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဦးထွန်းမြင့်ဦးနှင့် ဦးကျော်ဦး၊ တာမွေမြို့နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီး အမှတ်(၂)လုံခြုံရေး ရဲကွပ်ကဲရေးမှူးအဖွဲ့ ကွပ်ကဲရေးမှူးရဲမှူးချုပ်တင်ကိုကို၊ အလှူရှင်များ၊ မြန်မာနိုင်ငံ အားကစား မီဒီယာများအဖွဲ့ချုပ် အလုပ်အမှုဆောင်များ၊ ဖိတ်ကြားထားသူများ၊ အကောင်းဆုံး အားကစားသမား ဆုရ အားကစားသမားများ၊ သတင်းနှင့်မီဒီယာအဖွဲ့၀င်များတက်ရောက်ကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ ကျန်းမာရေးနှင့်အားကစား၀န်ကြီး ဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန် က ''သူ့ကို ဂုဏ်မြှင့်ကိုယ့်ဂုဏ်မြင့်၏ ''  ဆိုတဲ့ မြန်မာစကားအတိုင်း ဂုဏ်ပြုချီးမြှင့်တာဟာ ချီးမြှင့်ခံရသူတွေရော ချီးမြှင့်ကြသူတွေပါ ၊နှစ်ဖက်လုံး မင်္ဂလာတွေနဲ့ ပြည်စုံကြတာမို့ အင်မတန် ၀မ်းမြောက်ဖွယ် အခမ်းအနားလို့ ပြောရတာဖြစ်ပါကြောင်း၊ အားကစားဟာ နိုင်ငံရဲ့ဂုဏ်သိက္ခာ၊ လူမျိုးရဲ့ ကျန်းမာသန်စွမ်းကြံ့ခိုင်မှု၊ လူတစ်ယောက်ရဲ့ စိတ်သတ္တိကိုလည်း ကြီးထွားခိုင်မာစေပါကြောင်း၊ မြန်မာနိုင်ငံအားကစားမီဒီယာအဖွဲ့ချုပ်က အောင်မြင်တဲ့အားကစားသမားတွေအတွက် အခုလိုမျိုး အကောင်းဆုံးဆုချီးမြှင့်ပေးတဲ့အတွက် မိမိတို့အနေနဲ့ များစွာစိတ်အားတက် ရသလို ကျေးဇူးအထူးတင်မိပါကြောင်း၊ မိမိတို့ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနအနေနဲ့လည်း ထူးချွန် အောင်မြင်တဲ့ အားကစားသမားတွေကို တတ်နိုင်တဲ့ ဘက်ကနေ တတ်နိုင်သလိုအလုပ်အကိုင်ခန့် အပ်ပေးတာတွေ ၊ ရာထူးတိုးမြှင့်ပေးတာတွေ၊ ဆုကြေးငွေဂုဏ်ပြုချီးမြှင့်တာတွေကို လုပ်ပေးခဲ့ပါကြောင်း၊  အားကစားကို လေ့လာကြည့်တဲ့အခါ ဂေဟစနစ်နဲ့အတူတူပဲ ဖြစ်တာကို တွေ့နိုင်ကြပါတယ်။ သက်ရှိသက်မဲ့ ရုပ်၀တ္တုတွေအားလုံး တစ်ခုအပေါ်တစ်ခု အမှီပြုနေရတာကို ဂေဟစနစ်လို့ ခေါ်တယ်ဆိုတာ အားလုံးသိကြပါကြောင်း၊ အားကစားနယ်ပယ်ဆိုတာဟာလည်း အဲဒီဂေဟစနစ်နဲ့ အတူတူဖြစ်ပါကြောင်း၊ အစိုးရ၊ ပြည်သူ၊ အားကစားသမား၊ နည်းပြ၊ အားကစားဆိုင်ရာ ပညာရှင်၊ ကွင်း/ရုံ၊ အားကစားပစ္စည်း ပရိသတ် ၊ အားကစားအဖွဲ့ချုပ် စသည့် ဂေဟများစွာကို အမှီသဟဲပြု တည်ရှိနေရတဲ့ နယ်ပယ်ဖြစ် ပါကြောင်း၊ ဒီဂေဟတွေ တောင့်တင်း ကောင်းမွန်တာနဲ့အမျှ အားကစားနယ်ပယ်ဟာလည်း ရေမြင့်ကြာတင့် ဖြစ်လာမှာသေချာပါကြောင်း၊ ဒါ့ကြောင့် မြန်မာနိုင်ငံအားကစားမီဒီယာအဖွဲ့ချုပ်အနေဖြင့်  မြန်မာ့အားကစားဂေဟစနစ်ကြီး ပိုမိုကောင်းမွန် အားပြည့်လာစေဖို့အတွက် မီဒီယာပိုင်းနဲ့ ဆက်လက်ပြီး ဝိုင်း၀န်းကူညီ၍ ပိုပြီးတော့ အားထည့်ပေးနိုင်ကြပါစေလို့ ပြောကြား ခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဝဏ္ဏထွန်က ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပရခြင်းနှင့် ဆုများစီစစ်ရွေးချယ်ပုံများ နှင့်ပတ်သက်၍ ရှင်းလင်း ပြောကြား ခဲ့သည်။
    ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်နာယကဒေါက်တာတင်ထွန်းဦး နှင့် ဦးစိုးမိုးကျော် တို့က  မြန်မာနိုင်ငံ အားကစား မီဒီယာများအဖွဲ့ချုပ် ရံပုံငွေအတွက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီမှ အလှူငွေကျပ်သိန်း(၃၀)၊ အဖွဲ့ချုပ်ဥက္ကဋ္ဌများနှင့် အလှူရှင်များက အလှူငွေကျပ်စုစုပေါင်း (၁၆၇)သိန်းအားလှူဒါန်းကြရာ  အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
ဆက်လက်၍  ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန် တို့က မြန်မာ့အကောင်းဆုံးအားကစားသမား(အမျိုးသမီး)ဆုရ အေးသစ္စာမြင့်(ဝူရှူး) ဂုဏ်ပြုဆုငွေကျပ် သိန်း(၂၀)နှင့်ဂုဏ်ပြုဆုတံဆိပ်အားပေးအပ်ချီးမြှင့်၍လည်းကောင်း၊ ဒုတိယ၀န်ကြီး ဒေါက်တာ မြလေးစိန်နှင့် မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဝဏ္ဏထွန်တို့က မြန်မာ့ အကောင်းဆုံးအားကစားသမား(အမျိုးသား)ဆုရ ငြိမ်းချမ်းကိုကို(ဝူရှူး)ကိုယ်စား(မိခင်)အား ဂုဏ်ပြုဆု ငွေကျပ်သိန်း(၂၀)နှင့် ဂုဏ်ပြုဆုတံဆိပ်အား ပေးအပ်ချီးမြှင့်၍လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် အဖွဲ့ချုပ်နာယကဒေါက်တာတင်ထွန်းဦးတို့က အထူးဂုဏ်ပြုဆုရ ထွန်းမင်း(ကာယဗလ)အား ဂုဏ်ပြုဆုငွေကျပ်(၁၀)သိန်းနှင့် ဂုဏ်ပြုဆုတံဆိပ်အား ပေးအပ်ချီးမြှင့်၍လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယူနိုက်တက်အမရာဘဏ် CEO ဒေါ်ကျော့ကေခိုင်နှင့် မြန်မာနေရှင်နယ်လိဂ် ဦးစိုးမိုးကျော်တို့က  အတိုးတက်ဆုံး အားကစားသမားဆုရ သက်ထားသူဇာ(ကြက်တောင်)အား ဂုဏ်ပြုဆုငွေကျပ် (၁၅)သိန်းနှင့် ဂုဏ်ပြုဆုတံဆိပ်အား ပေးအပ်ချီးမြှင့်၍လည်းကောင်း၊ တာမွေမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတိုး၀င်း၊ မြန်မာမာရှယ်အတ်ဂရုပ် CEO ဦးလင်းထက်အောင်၊ မြန်မာနိုင်ငံအားကစားမီဒီယာများ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦး၀ဏ္ဏတို့က တက်သစ်စလူငယ်ကစားသမားဆုရ ထွန်းလင်းအောင် (တိုက်ကွမ်ဒို)အား ဂုဏ်ပြုဆုငွေကျပ်(၁၀)သိန်းနှင့် ဂုဏ်ပြုဆုတံဆိပ်အား ပေးအပ်ချီးမြှင့်၍လည်းကောင်း၊ မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဝဏ္ဏထွန်နှင့် ဒုတိယဥက္ကဋ္ဌတို့က လှုပ်ရှားတက်ကြွမှုအကောင်းဆုံး အဖွဲ့ချုပ်ဆုရ မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်တို့အား ဂုဏ်ပြုဆုအား ပေးအပ်ချီးမြှင့်၍လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဌေးအောင်နှင့် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစိုးနိုင်တို့က အကောင်းဆုံး အသင်းလိုက်ဆုရ မြန်မာ့လက်ရွေးစင် ရိုးရာလှေလှော်အသင်းအား  ဂုဏ်ပြုဆုငွေကျပ်(၅)သိန်းနှင့် ဂုဏ်ပြုဆုတံဆိပ်တို့အားအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး  ဆုရရှိကြသည့် အဖွဲ့များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူး၍ ဂုဏ်ပြု နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
အခမ်းအနားတွင် ပေးအပ်ခဲ့သော ဂုဏ်ပြုဆုငွေများအား မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ်တို့က အချိုးတူ ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%A1%E1%80%AD%E1%80%AF%E1%80%9C%E1%80%B6%E1%80%95%E1%80%85%E1%80%BA%E1%80%80%E1%80%B1%E1%80%AC%E1%80%BA%E1%80%99%E1%80%90%E1%80%AE%E1%81%8F%E1%80%95%E1%80%AB%E1%81%80%E1%80%84%E1%80%BA%E1%80%80%E1%80%B0%E1%80%8A%E1%80%AE%E1%80%95%E1%80%B6%E1%80%B7%E1%80%95%E1%80%AD%E1%80%AF%E1%80%B8%E1%80%99%E1%80%BE%E1%80%AF%E1%80%96%E1%80%BC%E1%80%84%E1%80%BA%E1%80%B7-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6