နေပြည်တော်၊နို၀င်ဘာ(၃)ရက်။
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သော ၂၀၁၉ခုနှစ် တိုင်းဒေသကြီး နှင့်ပြည်နယ် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်းပြိုင်ပွဲများကို ယနေ့နံနက်(၉) နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၏ဇနီး ဒေါ်ခင်စောမူ၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်းနှင့် တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ခင်လေးနှင့် တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်မှ တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေး အဖွဲ့ချုပ်မှ တာ၀န်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အသင်းအုပ်ချုပ်သူများ နှင့်နည်းပြများ၊ ပြိုင်ပွဲ၀င် အားကစားသမားများ တက်ရောက်ကြပါသည်။
အစီအစဉ်အရ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန်မှ အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်မှုအဆင့်အတန်းမြှင့်တင်ရေး ဒေသအသီးသီးရှိ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးတက်စေရေးနှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးခြင်း ဖြစ်ပါကြောင်း၊ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့် ခန်း "အေရိုးဗစ်" နှင့် Myanmar Fitness Dance ပြိုင်ပွဲများကို လူထုအားကစားလုပ်ငန်းများ ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန်နှင့် စုပေါင်းလှုပ်ရှားသော အလေ့အကျင့်ကောင်းများ ရရှိလာစေရန်နှင့် မျိုးဆက်သစ်လူငယ်များ ထွက်ပေါ်လာစေရန် ရည်ရွယ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း "အေရိုးဗစ်" ပြိုင်ပွဲကို ကျင်းပပေးခဲ့ခြင်းမှာ (၂၅)ကြိမ်မြောက်ရှိခဲ့ပြီး၊ Myanmar Fitness Dance ပြိုင်ပွဲကို ၂၀၁၈ခုနှစ်မှ စတင်ကျင်းပပေးခဲ့ရာ ယခုနှစ်ဆိုလျှင် (၂)ကြိမ်မြောက် ကျင်းပပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်းများ လေ့ကျင့်ကစားခြင်းကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် ပါ၀င်လှုပ်ရှားကစားနိုင်ရန် မြန်မာ့ရုပ်မြင်သံကြားမှ ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်းများကို နေ့စဉ်ထုတ်လွှင့်ပြသပြီး စည်းရုံးလှုံ့ဆော်ဆောင်ရွက်လျက်ရှိပါကြောင်း၊မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဆောင်ပုဒ်ဖြစ်သော "အမျိုးသမီးထုကြံ့ခိုင်မှုဖြင့် ကမ္ဘာ့အဆင့်မီတက်လှမ်းမည်" ဆိုသည့်အတိုင်း နိုင်ငံတော်၏ဂုဏ်ကို မြှင့်တင်ပေးနိုင်သော အားကစားသမားလူရည်ချွန်များပေါ်ထွက်နိုင်ရေးကို အထောက်အကူပြု ကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း "အေရိုးဗစ်" နှင့် Myanmar Fitness Dance ပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပေးနေခြင်း ဖြစ်ပါကြောင်း၊ ပြိုင်ပွဲ၀င်အသင်းများ အနေဖြင့် မိမိတို့၏ တိုင်းဒေသကြီးနှင့်ပြည်နယ် အောင်မြင်မှုရရှိရေးအတွက် အားကစားစိတ်ဓါတ်အပြည့်ဖြင့် အစွမ်းကုန်ကြိုးစားကြစေလိုကြောင်း၊ ပြိုင်ပွဲ တွင် အကဲဖြတ်ပေးကြသည့် ဒိုင်လူကြီးများအနေဖြင့် ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများနှင့်အညီ ဆုံးဖြတ်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ဇနီး ဒေါ်ခင်စောမူ၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်းနှင့် တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ခင်လေးနှင့် တာ၀န်ရှိသူများမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲ၀င်အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြပါသည်။
ဆက်လက်၍ အလှူရှင်များမှ အလှူငွေများပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံအမျိုးသမီးအားကစား အဖွဲ့ချုပ်မှ တာ၀န်ရှိသူများမှ စုစုပေါင်းလှူဒါန်းငွေကျပ် (၅၇)သိန်းတိတိအား လက်ခံရယူခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးနှင့်ပြည်နယ်အသင်းများမှ (၉)ယောက်တွဲ အကြီးတန်းပြိုင်ပွဲ လေ့ကျင့်ခန်းများကို သရုပ်ပြသခြင်း၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှ ဦးဆောင်၍ Myanmar Fitness Dance အကဖြင့် သရုပ်ပြသခဲ့ကြပါသည်။
ယနေ့ပွဲစဉ်များအဖြစ် (၉)ယောက်တွဲအငယ်တန်းပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားကြရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ဇနီး ဒေါ်ခင်စောမူ၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်းနှင့် တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်ခင်လေးနှင့် တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်မှ တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ချုပ်မှ တာ၀န်ရှိသူများမှ ကြည့်ရှုအား ပေးခဲ့ကြပါသည်။
အဆိုပါ ပြိုင်ပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲ၀င်အသင်း(၁၅)သင်း၊ အားကစားသမားဦးရေ(၄၃၅)ဦးဖြင့် (၃.၁၁.၂၀၁၉)ရက်နေ့မှ (၅.၁၁.၂၀၁၉)ရက်နေ့အထိ ၀ဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ (၉)ယောက်တွဲအငယ်တန်းပြိုင်ပွဲ၊ (၉)ယောက်တွဲအကြီးတန်းပြိုင်ပွဲ၊ တစ်ဦးချင်းပြိုင်ပွဲ၊ (၃)ယောက်တွဲပြိုင်ပွဲ နှင့် Myanmar Fitness Dance ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ အားကစားကို စိတ်ပါ၀င်စားသော မိဘပြည်သူများအနေဖြင့် အခမဲ့လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။