နေပြည်တော်၊ နိုဝင်ဘာ(၁၃)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် မြန်မာ့ရိုးရာခြင်းလုံးနည်းပြနှင့် ဒိုင်လူကြီးသင်တန်း(၁/၂ဝ၁၉) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်တွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း Multipurpose Hall ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးဝင်းတင့်နှင့်တာဝန်ရှိသူများ ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။
အစီအစဉ်အရ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ သင်တန်းဖွင့်ပွဲအမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံတွင် ရိုးရာခြင်းလုံးအားကစားနည်းသည် ရှေးဘုရင်များလက်ထက်ထဲကပေါ်ထွန်းလာခဲ့သော မြန်မာ့ရိုးရာအားကစားနည်း တစ်ခုဖြစ်ပါကြောင်း၊ မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်းဆောင်ပုဒ်အတိုင်း ကစားသူ(၆)ဦးစလုံး မျှမျှတတညီညီညွတ်ညွတ် ပေါင်းစပ်ကစားမှသာရသမြောက်ပြီး အနုပညာဆန်သော အားကစားနည်းတစ်ခုဖြစ်ပါကြောင်း၊ မြန်မာ့ရိုးရာခြင်းလုံး အားကစားနည်းသည် လူအများ၏ကျန်းမာရေးကို ကုန်ကျစရိတ် အနည်းဆုံးနေရာအကျဉ်းဆုံးဖော်ဆောင်ပေးနိုင်သော အားကစားနည်းတစ်ခုဖြစ်ပါကြောင်း၊ မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်းကိုရှေးကအောင်မြင်ဖြစ်ထွန်းခဲ့သောနည်းတူ ယနေ့လူငယ်များနှင့်ကျောင်းသား /ကျောင်းသူများအကြား ပြန့်ပွားရှင်သန် တိုးတက်အောင်မြင်လာစေရန် ပြည်သူ့လွှတ်တော်တွင် ခြင်းလုံးအားကစားနည်းကို အခြေခံပညာကျောင်းများတွင် ထည့်သွင်းသင်ကြားရန် အဆိုတစ်ခုကို အကောင်အထည်ဖော်ဆောင်ရွက်နေပါကြောင်း၊ ထိုအဆိုကိုအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ပြီးခဲ့သောနှစ်မှစ၍ နွေရာသီ အားကစားသင်တန်းများတွင် မြန်မာ့ရိုးရာ ခြင်းလုံးအားကစားနည်းကို အားကစားနည်းတစ်ခုအသွင်ဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင် စပြီးသင်ကြားပို့ချပေးခဲ့ပြီးဖြစ်ပါကြောင်း၊ အားကစားနည်းတစ်ခု အောင်မြင်တိုးတက်ပြန့်ပွားခြင်းသည် တာဝန်ရှိသူများ၊ စီမံခန့်ခွဲသူများ သာမက ထိုအားကစားနည်းကို နည်းစနစ်ကျကျကစားတတ်အောင် သင်ကြားပေးကြသည့်နည်းပြများ၊ ပြိုင်ပွဲတစ်ခုအသွင်အောင်မြင်အောင် စနစ်တကျကျင်းပပေးကြသည့် ဒိုင်လူကြီးများအားလုံး အရေးပါကြသည် ကိုတွေ့မြင်ရပါကြောင်း၊ ယနေ့သင်တန်းသို့ တက်ရောက်လာကြသော သင်တန်းသား/သင်တန်းသူများအနေဖြင့် နည်းပြများ၏ သင်ကြားပို့ချမှု ကို မှတ်မှတ်ရရဖြစ်အောင်လေ့လာမှတ်သားကြရန်လိုအပ်ပါကြောင်း၊ မိမိတို့သင်တန်းမှ တက်မြောက်သွားသည့် မြန်မာ့ရိုးရာခြင်းလုံးနှင့် ပတ်သက်သည့် အခြေခံနည်းစနစ်များ၊ ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများ သင်တန်း ပြီးမြောက်သည်နှင့် မိမိတို့ ရပ်ရွာဒေသအသီးသီးရှိ အခြေခံ ပညာကျောင်းများနှင့် ပြည်သူများအကြား မြန်မာ့ရိုးရာခြင်းလုံးပြန့်ပွားရေးလုပ်ငန်းများတွင် တစိုက်မတ်မတ်ပြုလုပ်ကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
ထို့နောက် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးဝင်းတင့် မှ သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြခဲ့ပြီးသင်တန်းတွင် သင်ကြားပို့ချမည့် သင်တန်းနည်းပြများ၊ သင်တန်းသား/သင်တန်းသူများမှ တစ်ဦးချင်းမိတ်ဆက်ဂါရဝပြုခဲ့ကြကာ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူး၍ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။
အဆိုပါ မြန်မာ့ရိုးရာခြင်းလုံးနည်းပြနှင့်ဒိုင်လူကြီး သင်တန်း (၁/၂ဝ၁၉) ကို (၁၃.၁၁.၂ဝ၁၉) ရက်နေ့မှ (၂ဝ.၁၁..၂ဝ၁၉)ရက်နေ့အထိ သင်တန်းသား/သင်တန်းသူဦးရေ (၃၇)ဦးကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။