နေပြည်တော်၊နို၀င်ဘာ (၂၅)ရက်။
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ၀န်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းအမှတ်စဉ် (၂/၂၀၁၉) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်တွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း Multipurpose Hall ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ်များဖြစ်ကြသော ဦးထွန်မြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများနှင့် တာ၀န်ရှိသူများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
အစီအစဉ်အရ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုသင်တန်းဖွင့်လှစ်ရခြင်းသည် ရုံးလုပ်ငန်းသဘောတရား၊ နိုင်ငံ့၀န်ထမ်းဥပဒေ၊ နည်းဥပဒေ၊ နိုင်ငံ့၀န်ထမ်းစည်းမျဉ်း၊ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ကောင်းမွန်စွာ သိရှိနားလည်အောင် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန၏ အဓိကလုပ်ဆောင်နေသော လူထုအားကစား (Mass Sport) နှင့် အလားအလာရှိသော မျိုးဆက်သစ်အားကစားသမားများကို ရွေးချယ်လေ့ကျင့်ပေးပြီး နိုင်ငံတကာပြိုင်ပွဲများတွင် ဆုတံဆိပ်ရယူနိုင်ရန် (Excellent Sport)ဆိုသည့် ဦးတည်ချက်များကို အကောင်အထည်ဖော်ဆောင်သော နေရာတွင် ရုံးလုပ်ငန်းများစနစ်တကျ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးသည် အဓိကကျသော အချက်တစ်ခုဖြစ်ပါကြောင်း၊ ရုံးလုပ်ငန်းများအား စနစ်တကျ ဆောင်ရွက်နိုင်မှသာ အားကစားဆိုင်ရာ ပြင်ပတာ၀န်များ ထမ်းဆောင်နေကြသော ပြိုင်ပွဲကျင်းပရေး၊ လေ့ကျင့်ရေးသင်တန်း ဖွင့်လှစ်ရေးစသော ၀န်ထမ်းများကို ထိထိရောက်ရောက် ပံ့ပိုးအထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊ ရာထူးတိုးမြင့်ရေးကိစ္စရပ်များတွင် လုပ်သက် အသက်အရွယ်များအပေါ် အစဉ်လိုက်တိုးပေးခြင်းမျိုးမဟုတ်တော့ပဲ အရည်အချင်း ထက်မြက်မြင့်မားသော လုပ်ဖော်ကိုင်ဘက်များအပေါ် စေတနာထားလုပ်ကိုင်နိုင်သူ၊ ၀န်ထမ်းအချင်းချင်း ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူ၊ နိုင်ငံတော်၊ ပြည်သူ၊ ဌာနနှင့် အထက်အကြီးအကဲများအပေါ် မှန်ကန်သောသစ္စာ စောင့်သိနိုင်သူ၊ လက်အောက်၀န်ထမ်းများအပေါ် လေးစားစောင့်ရှောက်နိုင်သူ များကို ဦးစားပေးရွေးချယ်သွားမည်ဖြစ်ပါကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် သင်တန်းတက်ရောက်နေစဉ် ကာလအတွင်း သင်ကြားပို့ချသော သင်ခန်းစာများကို ကြိုးစား မှတ်သားကြရန် လိုအပ်ပါကြောင်း၊ သင်တန်းပြီးဆုံးသည်အထိ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာကြရန် လိုအပ်ပါကြောင်း၊ သင်တန်းကာလအတွင်း တွေ့ကြုံရသော အခက်အခဲများကို သင်တန်းတာ၀န်ခံမှတစ်ဆင့် ပွင့်ပွင့်လင်းလင်း တင်ပြ အကူအညီတောင်းခံနိုင်ပါကြောင်း၊ သင်တန်းပြီးဆုံးပြီး မိမိတာ၀န်ကျရာဒေသများတွင် တတ်မြောက်ထားသော ပညာရပ်များကို ထိထိရောက်ရောက် ပြန်လည်အသုံးချပြီး ပေးအပ်သောတာ၀န်များကို ကျေပွန်စွာထမ်းဆောင်နိုင်စေလိုပါကြောင်း၊ ၀န်ထမ်းအဖွဲ့အစည်း အားကစားလုပ်ငန်းများသည် တစ်ဦး ကောင်း၊ တစ်ယောက်ကောင်း ဆောင်ရွက်လို့ရသည်မျိုးမဟုတ်ပဲ အများနှင့်ပူးပေါင်းဆောင်ရွက်ရသည့်အတွက် တစ်ဦးကောင်း၊ တစ်ယောက်ကောင်း စိတ်မထားရှိပဲ အဖွဲ့အစည်းစိတ်ဓါတ်ထားရှိပြီး စည်းလုံးညီ ညွှတ်စွာဖြင့် ဌာနတိုးတက်အောင်မြင်အောင်၊ အားကစားလောက တိုးတက်အောင်မြင်အောင် ဝိုင်း၀န်း ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်မြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများနှင့် တာ၀န်ရှိသူများသည် သင်တန်းသား / သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။
အဆိုပါသင်တန်းကို (၂၅.၁၁.၂၀၁၉)ရက်နေ့မှ (၆.၁၂.၂၀၁၉)ရက်နေ့အထိ သင်တန်းသား (၂၁)ဦး၊ သင်တန်းသူ(၄၄)ဦး၊ စုစုပေါင်းသင်တန်းသား/သင်တန်းသူ(၆၅)ဦးတို့ဖြင့် သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။