spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်နိုင်ရေးအလံအပ်နှင်းခြင်း အခမ်းအနားသို့ တက်ရောက်

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်နိုင်ရေးအလံအပ်နှင်းခြင်း အခမ်းအနားသို့ တက်ရောက်

နေပြည်တော်၊နို၀င်ဘာ(၂၅)ရက်။     

ဖိလစ်ပိုင်နိုင်ငံတွင်ကျင်းပမည့် အကြိမ်(၃၀)မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ အောင်နိုင်ရေးအလံအပ်နှင်းခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ(၁)နာရီက နေပြည် တော်ရှိ ၀ဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ပြည်ထောင်စု၀န်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိန်၀င်း၊ ဦးအုန်း၀င်းနှင့် ဒေါက်တာမြင့်ထွေး၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း၊ ဒုတိယ၀န်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်အောင်သူ၊ ဦးခင်မောင်တင်၊ ဦးအောင်လှထွန်း၊ ဦးတင်မြင့်၊ ဦးသာဦး၊ ဦး၀င်းမော်ထွန်း၊ ဒေါက်တာမြလေးစိန်၊ ဦးကျော်လင်း၊ ဦးစိုးအောင်နှင့် ဦးလှမော်ဦး၊ မြန်မာ နိုင်ငံအိုလံပစ်ကောင်စီအဖွဲ့၀င်များ၊ အမြဲတမ်းအတွင်း၀န်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊  မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ ဥက္ကဌများနှင့် အတွင်းရေးမှူးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အလှူရှင်များ၊ ပြိုင်ပွဲ၀င်အားကစားအဖွဲ့အုပ်ချုပ်သူများ၊ နည်းပြများ၊ ပြိုင်ပွဲ၀င်အားကစားသမားများနှင့် တာ၀န်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဒုတိယသမ္မတအား အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ကြမည့် မြန်မာအားကစားအဖွဲ့များက မိတ်ဆက်ဂါရ၀ပြုကြသည်။    

ထို့နောက် ဒုတိယသမ္မတက အမှာစကားပြောကြားရာတွင် အားကစားမောင်မယ်များသည် မိမိတို့ ရက်ရှည်လများ လေ့ကျင့်ထားသည်များကို ပြိုင်ပွဲတွင် အစွမ်းကုန်ထုတ်သုံးနိုင်ရန် ကာယပိုင်းရော၊ စိတ်ဓာတ်ပိုင်းပါ အဆင့်အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိနေကြရမည်ဖြစ်ပါကြောင်း၊    ပြိုင်ပွဲတွင် အားကစားနည်း (၅၆)မျိုး ထည့်သွင်းကျင်းပမည်ဖြစ်သော်လည်း မြန်မာနိုင်ငံအနေဖြင့် အချိန်ယူစခန်းသွင်းလေ့ကျင့်စေပြီး အဆင့်မီစွာ ပါ၀င်ယှဉ်ပြိုင်နိုင်မည့် အားကစားနည်း (၃၁)မျိုးတွင် အားကစားသမား စုစုပေါင်း(၃၅၁)ဦး၊ အုပ်ချုပ်သူနှင့် နည်းပြ(၁၂၇)ဦးနှင့် အုပ်ချုပ်မှုအဖွဲ့ (၄၃) ဦးတို့ကို စနစ်တကျ ဖွဲ့စည်းယှဉ်ပြိုင် သွားမည်ဖြစ်ပါကြောင်း၊ အားကစားမောင်မယ်များ၏ ဇွဲ၊ စိတ်ဓာတ်အပြည့်အ၀ဖြင့် ပြင်းပြင်းထန်ထန် လေ့ကျင့်ပြင်ဆင်နေမှုများကို အားကစားသမိုင်းတွင် မှတ်တမ်းတင်နိုင်အောင် တက်ညီလက်ညီ အစွမ်းကုန်ကြိုးပမ်းယှဉ်ပြိုင်သွားကြရမည်ဖြစ်ပါကြောင်း၊ ယခုသွားရောက််ယှဉ်ပြိုင်ကြမည့် မြန် မာအားကစားအဖွဲ့ အနေဖြင့် ယခင်ပါ၀င်ယှဉ်ပြိုင်ခဲ့သည့် အကြိမ်များထက် ဆုတံဆိပ်များ ပိုမိုရရှိအောင် စွမ်းဆောင်ပေးနိုင်မည်ဆိုပါက မြန်မာအားကစားအဖွဲ့၏ အောင်မြင်မှု သမိုင်းကို ပြောင်းလဲမှတ်တမ်းတင် သွားနိုင်မည် ဖြစ်ပါကြောင်း၊    အားကစားအောင်မြင်မှုဖြင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာမြှင့်တင်နိုင်ရေးအတွက် ယခုကဲ့သို့သော နိုင်ငံတကာအားကစားပြိုင်ပွဲ တစ်ရပ်သို့ နိုင်ငံ့ကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်ရခြင်းသည် ထူးခြားသည့် ဂုဏ်ဒြပ်နှင့် အခွင့်အလမ်းဖြစ်သည်ကို အုပ်ချုပ်သူများ၊ နည်းပြများနှင့် အားကစားသမားများအားလုံး သတိချပ်စေလိုပါကြောင်း၊ ထို့အတူ နိုင်ငံနှင့် လူမျိုး၏ ဂုဏ်သိက္ခာပါ ဆက်စပ်နေသည့်အတွက် ပြိုင်ပွဲတိုင်း အနိုင်ရရှိရေးသည် အမျိုးသားရေးတာ၀န်တစ်ရပ်အဖြစ် မြန်မာအားကစားအဖွဲ့၀င်အားလုံး၏ ပခုံးထက်တွင်ရှိနေသည်ကို သတိပြုကြရမည်ဖြစ်ပါကြောင်း၊   အမိမြန်မာနိုင်ငံတော်ကြီးကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေးအတွက် နယ်ပယ်စုံ၊ ကဏ္ဍစုံ အားထုတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အားကစားကဏ္ဍကို လည်း နိုင်ငံတကာအဆင့်မီလာသည်အထိ ဖွံ့ဖြိုးတိုးတက်စေရန် မျှော်မှန်း၍ စနစ်တကျအစီအမံများ ချမှတ်ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ အဆိုပါ မျှော်မှန်းချက် ရောက်ရှိပြည့်၀စေရန် ယခုပြိုင်ပွဲအပါအ၀င် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အားကစားမောင်မယ်များ၏ ယှဉ်ပြိုင်အနိုင်ယူနိုင်မှုဆိုသည့် တစ်ဦးချင်းစွမ်းဆောင်ရည်နှင့် အသင်းလိုက် စွမ်းဆောင်ရည်များကို ထုတ်ဖော်ပြသသွားကြရမည်ဖြစ်ပါကြောင်း၊    ထို့ကြောင့် အကြိမ်(၃၀)မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ကြမည့် မြန်မာအားကစားအဖွဲ့သို့ အပ်နှင်းလိုက်မည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အလံတော်သည် နိုင်ငံ၏ဂုဏ်ဒြပ်နှင့် အမျိုးသားရေးတာ၀န်ကိုပါ ကိုယ်စားပြုနေသည်ဆိုသည့် ခံယူချက်ဖြင့် ပြိုင်ပွဲတိုင်းတွင် နိုင်ငံတော်၏အောင်လံ တလူလူလွင့်ပျံနေစေရန် အားကစားစိတ်ဓာတ်နှင့် အမျိုးသားရေးစိတ်ဓာတ်တို့ကို နှလုံးသားနှင့် ဦးနှောက်တို့တွင် အမြဲတစေကိန်း၀ပ်နေစေပြီး အစွမ်းရှိသမျှ ရေကုန်ရေခမ်း ကြိုးပမ်း ယှဉ်ပြိုင်သွားကြရန် အလေးအနက် တိုက်တွန်းမှာကြားလိုပါကြောင်း၊    အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီးသို့ သွားရောက်ယှဉ်ပြိုင် နိုင်ရေး အဘက်ဘက်က ကူညီအားပေးခဲ့ကြသည့် တိုင်းရင်းသားစီးပွားရေးလုပ်ငန်းရှင်များ၊ စေတနာရှင်ပြည်သူများနှင့် အားကစားဝါသနာရှင်များ အားလုံးကို လည်း အထူးကျေးဇူးတင်ရှိပါကြောင်း၊    နိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံ့လက်ရွေးစင်အားကစားသမားများသည် နည်းစနစ် ပိုင်နိုင်ကျွမ်းကျင်မှု၊ အားကစားစိတ်ဓါတ်ပြည့်၀မှု၊ စွမ်းဆောင်ရည်မြင့်မားမှုနှင့် စံချိန်စံညွှန်း ကောင်းမွန်မှု စသည့်အချက်များ ပြည့်ပြည့်၀၀ခိုင်ခိုင်မာမာရှိနေပြီဟု ယုံကြည်ထားသည့်အတွက် နိုင်ငံချစ်စိတ်နှင့် မျိုးချစ်စိတ်ကို အရင်းတည်၍ ဇွဲ၊ လုံ့လနှင့် ဝီရိယစိုက်ထုတ်ကာ အစွမ်းကုန်ကြိုးပမ်းသွားကြရန် ထပ်မံတိုက်တွန်း မှာကြားလိုပါကြောင်း၊    မြန်မာအားကစားအဖွဲ့၀င်များ အားလုံးအနေဖြင့် နိုင်ငံနှင့်လူမျိုးဂုဏ်ကို မြှင့်တင်နိုင်ရေးဆိုသည့် အမျိုးသားရေးသန္ဓိဌာန်ဖြင့် ရေကုန် ရေခမ်း ကြိုးပမ်းယှဉ်ပြိုင်သွားကြပါ၊ ပြိုင်ပွဲကာလအတွင်း စဉ်ဆက်မပြတ် လေ့ကျင့်ရင်း အသင်းအဖွဲ့စိတ်ဓာတ်၊ မိသားစုစိတ်ဓာတ်ဖြင့် အချင်းချင်း ရိုင်းပင်း ကူညီသွားကြပါ၊ အဆင့်ဆင့် စီမံကွပ်ကဲအုပ်ချုပ်မှုကို ခံယူပြီး စည်းကမ်းနှင့်အညီ စုဖွဲ့သွားလာလှုပ်ရှားကြပါ၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ဓလေ့စရိုက် အစဉ်အလာကောင်းများနှင့်အညီ ယဉ်ကျေးပျူငှာစွာ ပြုမူကျင့်ကြံနေထိုင်သွားကြပါ၊ အနိုင်မခံ၊ အရှုံးမပေး ကြံ့ခိုင်သည့် စိတ်ဓာတ်၊ မလျှော့သည့် ဇွဲ၊ လုံ့လတို့ဖြင့် ရင်ဆိုင်ယှဉ်ပြိုင်၍  ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်ခဲ့ကြပါ၊ ယခု SEA GAMES ပြိုင်ပွဲမှ အတွေ့အကြုံကောင်းများ၊ သင်ခန်းစာကောင်းများ ဖော်ထုတ်ရယူခဲ့ကြပါ၊ နိုင်ငံကြီးသားစိတ်ဓါတ်ဖြင့် တရားမျှတသန့်ရှင်းစွာ ယှဉ်ပြိုင်၍ အရှေ့တောင်အာရှဒေသညီနောင် နိုင်ငံများအကြား ရှိရင်းစွဲ ချစ်ကြည် ရင်းနှီးမှုကို ပိုမိုမြှင့် တင်ပေးနိုင်သည့် အားကစားချစ်ကြည်ရေး သံတမန်ကောင်းတာ၀န်များကို ကျေပွန်ခဲ့ကြပါ၊ အားကစားဖြင့် တိုင်းပြည်၏ဂုဏ်ကို မြှင့်တင်ပေးနိုင်သည့် အားကစားသူရဲကောင်းမောင်မယ်များအနေဖြင့် ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အောင်လံလွင့်ပျံနေအောင် စွမ်းဆောင် သွားကြပါဟု အလေးအနက် တိုက်တွန်းမှာကြားလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမြင့်ထွေးထံ အောင်နိုင်ရေးအလံကို အပ်နှင်းသည်။
ယင်းနောက် ပြည်ထောင်စု၀န်ကြီးဒေါက်တာမြင့်ထွေးက အကြိမ်(၃၀)မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့၏ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းတင်းတင်ပြသည်။
ထို့နောက် အကြိမ်(၃၀)မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့ထံ အလှူရှင်များက အလှူငွေများ ပေးအပ် လှူဒါန်းကြရာ ပြည်ထောင်စု၀န်ကြီးများဖြစ်ကြသည့် ဒေါက်တာမြင့်ထွေး၊ ဒုတိယဗိုလ်ချုပ်ကြီးစိန်၀င်းနှင့် ဦးအုန်း၀င်းတို့က လက်ခံရယူကြပြီး ဂုဏ်ပြုမှတ် တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် အကြိမ်(၃၀)မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ကြမည့် အားကစား အဖွဲ့၀င်များအား နှုတ်ဆက်အားပေးပြီး အားကစားနည်းများအလိုက် အားကစားပြိုင်ပွဲများတွင် အသုံးပြုမည့် ပြိုင်ပွဲ၀င်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုကို လှည့်လည်ကြည့်ရှု့သည်။
အကြိမ်(၃၀)မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံ၌ ၂၀၁၉ခုနှစ်၊ နို၀င်ဘာလ(၃၀)ရက်မှ ဒီဇင်ဘာလ(၁၁)ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

    

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%E1%80%9E%E1%80%99%E1%80%B9%E1%80%99%E1%80%90-%E1%80%A6%E1%80%B8%E1%80%9F%E1%80%84%E1%80%BA%E1%80%94%E1%80%9B%E1%80%AE%E1%80%97%E1%80%94%E1%80%BA%E1%80%91%E1%80%AE%E1%80%B8%E1%80%9A%E1%80%B0-%E1%80%A1%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%81%83%E1%81%80%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%A1%E1%80%9B%E1%80%BE%E1%80%B1%E1%80%B7%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%A1%E1%80%AC%E1%80%9B%E1%80%BE%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2