နေပြည်တော်၊နို၀င်ဘာ(၂၅)ရက်။
ဖိလစ်ပိုင်နိုင်ငံတွင်အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့် ၂၀၁၉ခုနှစ် (၃၀)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/ အားကစားရုံအသီးသီး၌ ကျင်းပပြုလုပ်ရာSubic Bay Gymuasium အားကစားရုံတွင် ကျင်းပပြုလုပ်သည့် ပိုက်ကျော်ခြင်းပြိုင်ပွဲ (ကွင်းသွင်းခြင်းခတ်) ပြိုင်ပွဲတွင် မြန်မာအမျိုးသမီးပိုက်ကျော်ခြင်းအဖွဲ့ ၀င်ရောက် ယှဉ်ပြိုင်ရာ အိမ်ရှင်ဖိလစ်ပိုင်မှ (၆၇၀)မှတ်ဖြင့် ပထမ၊ အင်ဒိုနီးရှားမှ (၆၆၀) မှတ်ဖြင့် ဒုတိယ၊ မြန်မာမှ (၆၄၀)မှတ်ဖြင့် တတိယ၊ လာအိုမှ (၄၂၀)မှတ်ဖြင့် စတုတ္ထရရှိခဲ့ပါသည်။ မြန်မာအသင်းအနေဖြင့် ကြေးတံဆိပ် ဆွတ်ခူး ရရှိခဲ့ခြင်း ဖြစ်ပါသည်။
အဆိုပါ ပြိုင်ပွဲသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ မြန်မာအားကစားအဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးတို့ တက်ရောက်ကြည့်ရှု အားပေးခဲ့ပါသည်။
ဆက်လက်၍ မနီလာမြို့၌ ကျင်းပပြုလုပ်သော (World Trade Center Halls A & B) အားကစားခန်းမ၌ ကျင်းပပြုလုပ်သော ဝူရှူးပြိုင်ပွဲတွင် မြန်မာဝူရှူး အားကစားသမားများ ၀င်ရောက် ယှဉ်ပြိုင်ရာ ဝူရှူး(အမျိုးသား) ချန်းချွမ်ပွဲစဉ်တွင် မင်းခန့်ဇော်သည် အဆင့်(၈)နေရာနှင့် မျိုးမင်းကြီးသည် အဆင့်(၁၀)နေရာတွင် လည်းကောင်း၊ (အမျိုးသား)ထိုက်ချိချွမ်းပွဲစဉ်တွင် ငြိမ်းချမ်းကိုကိုသည် အဆင့်(၇)နေရာနှင့် (အမျိုးသမီး)ထိုက်ချိချွမ်း ပွဲစဉ်တွင် မြတ်နိုးအိမ်သည် အဆင့်(၉) နေရာတွင်လည်းကောင်း၊ သိန်းသန်းဦးသည် ဝူရှူး(နန်းသောင်း၊ နန်းချွန်)ပွဲစဉ်တွင် ပြိုင်ပွဲ(၂)ရက်ပေါင်းယှဉ်ပြိုင်ကစားရမည်ဖြစ်ရာ ပထမနေ့ပွဲစဉ်အပြီးတွင် အဆင့်(၅) နေရာတွင်လည်းကောင်း အသီးသီးရရှိခဲ့ပါသည်။
ဆက်လက်၍ မနီလာမြို့ (Ninoy Aquino Stadium) ၌ ကျင်းပပြုလုပ်သော အလေးမ အားကစားနည်းမှ (၄၅)ကီလိုတန်းပြိုင်ပွဲတွင် အမျိုးသမီးပွဲစဉ်အဖြစ် ဇင်မေဦး၀င်ရောက်ယှဉ်ပြိုင်ရာ အဆင့်(၅)နေရာသာ ရရှိခဲ့ပါသည်။
ဆက်လက်၍ ညနေပိုင်းတွင် အလေးမအားကစားနည်းမှ (၄၅)ကီလိုတန်းပြိုင်ပွဲတွင် အမျိုးသား ပွဲစဉ်အဖြစ် ပြည့်ဖြိုး ၀င်ရောက်ယှဉ်ပြိုင်ရာ အဆင့်(၄)နေရာသာ ရရှိခဲ့ပါသည်။
အဆိုပါ ပြိုင်ပွဲများသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းနှင့် တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ်မှ တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံအလေးမ အဖွဲ့ချုပ််ဥက္ကဌနှင့် တာ၀န်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်၍SCC Angleles University Foundation Clark City အားကစားရုံ၌ ကျင်းပပြုလုပ်သည့် အားနစ် (Arnis) အားကစားနည်းတွင် အမျိုးသား(၅၅)ကီလို ဘင်တန်ဝိတ်တန်းပြိုင်ပွဲ၌ စိုးပိုင်(မြန်မာ)မှ ဒုတိယရရှိခဲ့ပါသည်။ ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ ပူးတွဲတတိယဆုရရှိသည့် (ဗီယက်နမ်)နှင့် (ကမ္ဘောဒီးယား) တို့အား လည်းကောင်း၊ ဒုတိယဆုရရှိသော စိုးပိုင်(မြန်မာ)အားလည်းကောင်း၊ ပထမဆုရရှိသော (ဖိလစ်ပိုင်)အား ကမ္ဘာ့ Arnis အဖွဲ့ချုပ်ဥက္ကဌ၊ ဖိလစ်ပိုင် Arnis အဖွဲ့ချုပ်ဥက္ကဌနှင့် တာ၀န်ရှိသူများမှ လည်းကောင်း ဆုများအသီးသီးချီးမြှင့်ပေးသည်။
ဆက်လက်ပြီး အမျိုးသား(+၅၅-၆၅)ကီလို ဖယ်သာဝိတ်တန်းပြိုင်ပွဲ၌ ၀င်းသက်ပိုင်(မြန်မာ)က ကြေးတံဆိပ်(၁)ခု၊ အမျိုးသား(၆၀-၆၅)ကီလို လိုက်ဝိတ်တန်းပြိုင်ပွဲ၌ သက်နိုင်၀င်း(မြန်မာ)က ကြေးတံဆိပ်(၁)ခု၊ အမျိုးသား (+၆၅)ကီလို ၀ယ်သာ၀တ်တန်းပြိုင်ပွဲတွင် ဗန်လျန်ခေါလ်(မြန်မာ)က ကြေးတံဆိပ်(၁)ခု အသီးသီးရရှိထားသည်။
ဆက်လက်ပြီး အမျိုးသမီး(၅၀)ကီလိုဝိတ်တန်းပြိုင်ပွဲ၌ သန္တာခိုင်(မြန်မာ)က ကြေးတံဆိပ်(၁)ခု၊ အမျိုးသမီး(၅၀-၅၅)ကီလို ဖယ်သာဝိတ်တန်းပြိုင်ပွဲ၌ လှနွယ်အေး(မြန်မာ)က ကြေးတံဆိပ်(၁)ခု၊ အမျိုးသမီး(၅၅-၆၀)ကီလို လိုက်ဝိတ်တန်းပြိုင်ပွဲ၌ မိုးမိုးအေး(မြန်မာ)က ကြေးတံဆိပ်(၁)ခုနှင့် အမျိုးသမီး (+၆၀)ကီလို ၀ယ်သာဝိတ်တန်းပြိုင်ပွဲ၌ သက်ဝေဦး(မြန်မာ)သည် ဆီမီးဖိုင်နယ်ပွဲစဉ်တွင် အိမ်ရှင်ဖိလစ်ပိုင် ကစားသမားအား အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားပြီး ဗီယက်နမ်ကစားသမားနှင့် ဗိုလ်လုပွဲစဉ် အဖြစ် ဆက်လက်ယှဉ်ပြိုင်ကစားရာ ငွေတံဆိပ်(၁)ခုကို ထပ်မံရရှိခဲ့ပါသည်။
အဆိုပါ ပြိုင်ပွဲသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ကမ္ဘာ့ Arnis အဖွဲ့ချုပ်ဥက္ကဌနှင့် ဖိလစ်ပိုင် Arnis အဖွဲ့ချုပ်ဥက္ကဌတို့ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်၍ Laus Group Event Centre ၌ ကျင်းပပြုလုပ်သည့် နပန်းပြိုင်ပွဲ (Kurash) (၉၀)ကီလိုအထက်အားကစားပြိုင်ပွဲတွင် မြန်မာမှ မြင့်ဇင် ၀င်ရောက် ယှဉ်ပြိုင်ရာ ကြေးတံဆိပ် (၁)ခု ထပ်မံရရှိခဲ့ကြောင်း သိရှိရပါသည်။