spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ဆီးဂိမ်းစ်ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်း ဆီမီးဖိုင်နယ် တက်ရောက်

ဆီးဂိမ်းစ်ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်း ဆီမီးဖိုင်နယ် တက်ရောက်

 

၂  ဒီဇင်ဘာ 

၂၀၁၉ ခုနှစ် အကြိမ် (၃၀) မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးနေ့ကို ယနေ့ညနေပိုင်းက ဖိလစ်ပိုင်နိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာအသင်း ဂိုးပြတ်နိုင်ပွဲရယူပြီး ဆီမီးဖိုင်နယ် တက်ရောက်သွားသည်။

မြန်မာအသင်းသည် အုပ်စုပထမနေရာရရန်အတွက် မလေးရှားကို ဂိုးပြတ်အနိုင်ရရန် ကြိုးပမ်းခဲ့ပြီး ငါးဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည်။ မြန်မာအသင်းသည် လိုချင်သည့်ဂိုးရလဒ်အတိုင်းရယူကာ ဖိလစ်ပိုင်အသင်းကို Fair Play စည်းမျဉ်းဖြင့်အသာရပြီး အုပ်စုပထမနေရာရယူနိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းနည်းပြချုပ် ဦးဝင်းသူမိုးသည် ဖိလစ်ပိုင်နှင့် သရေကျခဲ့သည့် ပွဲထွက်လူစာရင်းကို သုံးဦးသာ ပြောင်းလဲခဲ့ပြီး ခိုင်သဇင်နေရာတွင် ဖြူဖြူဝင်း၊ မြတ်နိုးခင်နေရာတွင် သင်းသင်းယု၊ အိရတနာဖြိုးနေရာတွင် အေးအေးမိုးတို့ကို အသုံးပြုခဲ့ကာ ခင်မာလာထွန်း၊ ဝင်းသဂီင်္ထွန်း၊ ရီရီဦး၊ ခင်သန်းဝေ၊ မြဖူးငုံ(ဂိုး) တို့ဖြင့် ပွဲထွက်ခဲ့သည်။ မြန်မာအသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့သော်လည်း ဆန္ဒစောနေသောကြောင့် ၁၆ မိနစ်မှ အဖွင့်ဂိုးရခဲ့သည်။ ယင်းဂိုးကို တိုက်စစ်မှူး ရီရီဦးက သွင်းယူခဲ့သည်။ 

ဂိုးရပြီးနောက်ပိုင်းတွင် မြန်မာအသင်း ကစားပုံတည်ငြိမ်လာပြီး ၃၁ မိနစ်တွင် ရီရီဦးက ဒုတိယဂိုးထပ်မံသွင်းယူခဲ့သည်။ ပထမပိုင်းတွင် နှစ်ဂိုးသာသွင်းယူနိုင်ခဲ့သည့် မြန်မာအသင်းသည် ဒုတိယပိုင်းတွင် တိုက်စစ်မြင့်လာပြီး ၄၈ မိနစ်တွင် အသင်းခေါင်းဆောင် ခင်မာလာထွန်းက တတိယဂိုးသွင်းယူခဲ့သည်။ ယင်းနောက်ပိုင်းတွင် မလေးရှားအသင်းက ဂိုးပေါက်ခြိမ်းခြောက်မှုအချို့ ပြုလုပ်နိုင်ခဲ့၍ မြန်မာအသင်း ဂိုးထပ်ရရန် ရုန်းကန်ခဲ့ရပြီး ၇၇ မိနစ်မှ စတုတ္ထဂိုးရခဲ့သည်။ မြန်မာအသင်းအတွက် စတုတ္ထဂိုးကို ရီရီဦးက သွင်းယူခဲ့ပြီး ဟက်ထရစ်ရရှိခဲ့သည်။ မြန်မာအသင်းသည် ဂိုးထပ်မံရရန် ကြိုးပမ်းရာ ၉၀ မိနစ်တွင် ဂျူလိုင်ကျော်က နောက်ဆုံးဂိုးသွင်းယူခဲ့သည်။

အုပ်စုပွဲစဉ်များအပြီးတွင် အုပ်စု (က) ၌ မြန်မာအသင်းနှင့် ဖိလစ်ပိုင်အသင်းတို့ တစ်ပွဲနိုင်၊ တစ်ပွဲသရေဖြင့် လေးမှတ်စီရရှိပြီး ဂိုးကွာခြားချက်၊ သွင်းဂိုး၊ ပေးဂိုးတူညီသည့်အပြင် နှစ်သင်းထိပ်တိုက်တွေ့ဆုံမှုတွင် ဂိုးမရှိသရေကျခဲ့၍ အဝါ၊ အနီ Fair Play စည်းမျဉ်းဖြင့် ဆုံးဖြတ်ရာ အဝါကတ်နည်းသည့် မြန်မာအသင်းက အုပ်စုပထမနေရာရယူနိုင်ခဲ့သည်။ အုပ်စု (ခ) ၌ ထိုင်းနှင့် လက်ရှိချန်ပီယံ ဗီယက်နမ်အသင်းတို့ တစ်ပွဲနိုင်၊ တစ်ပွဲသရေဖြင့် လေးမှတ်စီတူညီခဲ့သော်လည်း ဂိုးကွာခြားချက်ဖြင့် ဂိုးကွာခြားချက်ဖြင့် ဗီယက်နမ်အသင်းက ပထမ၊ ထိုင်းအသင်းက ဒုတိယ ရရှိခဲ့သည်။

အမျိုးသမီးဘောလုံး ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဒီဇင်ဘာ ၅ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းနှင့် ထိုင်းအသင်း၊ အိမ်ရှင် ဖိလစ်ပိုင်အသင်းနှင့် ထိုင်းအသင်းတို့ တွေ့ဆုံနေသည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%86%E1%80%AE%E1%80%B8%E1%80%82%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%85%E1%80%BA%E1%80%86%E1%80%AE%E1%80%B8%E1%80%82%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8-%E1%80%86%E1%80%AE%E1%80%99%E1%80%AE%E1%80%B8%E1%80%96%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%90%E1%80%80%E1%80%BA%E1%80%9B%E1%80%B1%E1%80%AC%E1%80%80%E1%80%BA