spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မြန်မာ့လက်ရွေးစင် ဘော်လီဘောအသင်း ဆီမီးဖိုင်နယ် တက်ရောက်

မြန်မာ့လက်ရွေးစင် ဘော်လီဘောအသင်း ဆီမီးဖိုင်နယ် တက်ရောက်

 

 

၄ ဒီဇင်ဘာ

ဆီးဂိမ်းစ်အမျိုးသား ဘော်လီဘောပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ယနေ့မွန်းလွဲပိုင်းမှစ၍ မနီလာမြို့ရှိ Philsports Arena ၌ ကျင်းပရာ မြန်မာ့လက်ရွေးစင် ဘော်လီဘောအသင်း နိုင်ပွဲရယူပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားသည်။

မြန်မာအသင်းသည် စင်ကာပူအသင်းနှင့် အဖွင့်ပွဲတွေ့ဆုံခဲ့ပြီး သုံးပွဲပြတ် အနိုင်ရခဲ့ခြင်း ဖြစ်သည်။ မြန်မာအသင်းသည် စင်ကာပူကို ၂၆-၂၄ မှတ်၊ ၂၅-၂၁ မှတ်၊ ၂၅-၁၈ မှတ်ဖြင့် သုံးပွဲပြတ် အနိုင်ရခဲ့ခြင်းဖြစ်ပြီး လက်ရည်မကွာသော်လည်း သုံးပွဲပြတ် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

မြန်မာအသင်းသည် ပထမပွဲငယ်တွင် အကြိတ်အနယ် ယှဉ်ပြိုင်ကစားကာ ၂၆-၂၄ မှတ်ဖြင့် အနိုင်ရခဲ့သော်လည်း ဒုတိယပွဲငယ်နှင့် တတိယပွဲငယ်တွင် လက်ရည်ပိုကောင်းလာကာ အနိုင်ရခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် အဓိက ကစားသမား အောင်သူကို နေရာစုံကစားကာ အမှတ်များရယူစေခဲ့သော်လည်း တတိယပွဲငယ်တွင် ခြေချင်းဝတ်ဒဏ်ရာ ရခဲ့သောကြောင့် များစွာနစ်နာခဲ့ရသည်။ အောင်သူသည် လက်ရှိလက်ရွေးစင် ကစားသမားများတွင် အတွေ့အကြုံအရှိဆုံး ကစားသမားဖြစ်သလို ပြည်ပကလပ်များတွင်လည်း သွားရောက်ကစားနေသူ ဖြစ်သည်။

မြန်မာအသင်းသည် ပါဝင်သည့် အုပ်စု (က) တွင် သုံးသင်းသာ ပါဝင်သောကြောင့် ထိုင်းနှင့် မြန်မာအသင်းသည် တစ်ပွဲကစား တစ်ပွဲအနိုင်ရကာ ဆီမီးဖိုင်နယ်တက်ရောက်သွားပြီး နှစ်ပွဲစလုံးရှုံးခဲ့သည့် စင်ကာပူအသင်းမှာမူ အုပ်စုအဆင့်ဖြင့် ကျေနပ်ခဲ့ရသည်။

မြန်မာအသင်းနှင့် ထိုင်းအသင်းသည် ဒီဇင်ဘာ ၆ ရက်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အုပ်စုပထမနေရာအတွက်သာ ယှဉ်ပြိုင်ရမည် ဖြစ်သည်။ အုပ်စု (ခ) တွင် အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယားအသင်းတို့ ပါဝင်နေပြီး အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်အသင်းသည် နှစ်ပွဲစီအနိုင်ယူပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားပြီ ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့် (ခေတ္တ-မနီလာ)


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%B7%E1%80%9C%E1%80%80%E1%80%BA%E1%80%9B%E1%80%BD%E1%80%B1%E1%80%B8%E1%80%85%E1%80%84%E1%80%BA-%E1%80%98%E1%80%B1%E1%80%AC%E1%80%BA%E1%80%9C%E1%80%AE%E1%80%98%E1%80%B1%E1%80%AC%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8-%E1%80%86%E1%80%AE%E1%80%99%E1%80%AE%E1%80%B8%E1%80%96%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%90%E1%80%80%E1%80%BA%E1%80%9B%E1%80%B1%E1%80%AC%E1%80%80%E1%80%BA