spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များ ဒီဇင်ဘာ ၇ ရက်နေ့တွင် ကျင်းပမည်

ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များ ဒီဇင်ဘာ ၇ ရက်နေ့တွင် ကျင်းပမည်

၆  ဒီဇင်ဘာ

ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပလျက်ရှိသည့် အကြိမ် ၃၀ မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဒီဇင်ဘာ ၇ ရက် တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

 

ဆီမီးဖိုင်နယ်နှစ်ပွဲစလုံးကို မနီလာမြို့ရှိ ရီဇယ်လ်အမှတ်တရကွင်း၌ ကျင်းပမည်ဖြစ်ပြီး မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်း၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲတွင် ဗီယက်နမ်အသင်းနှင့် ကမ္ဘောဒီးယားအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုပွဲများတွင် ရှုံးပွဲမရှိဘဲ တက်ရောက်လာခြင်းဖြစ်သလို အင်ဒိုနီးရှားအသင်းကလည်း အုပ်စုပွဲများတွင် ဗီယက်နမ်အသင်းကိုသာ အရေးနိမ့်ပြီး ကျန်လေးပွဲစလုံး အနိုင်ကစားလာခြင်း ဖြစ်သည်။ ဆီမီးဖိုင်နယ်ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ဒီဇင်ဘာ ၆ ရက်က ရီဇယ်လ်ကွင်း၌ ကျင်းပခဲ့သည်။

 

ပိုပေါ့ဗ်က ''အင်ဒိုနီးရှားအသင်းက အကောင်းဆုံးလူစာရင်းကို ပိုင်ဆိုင်ထားသလို သူတို့ထက် နားရက်ပိုရထားပေမယ့် ဒါက အားသာချက်တော့မဖြစ်နိုင်ပါဘူး။ အင်ဒိုနီးရှားအသင်းက ကျွန်တော်တို့အတွက် ခက်ခဲမယ့်ပြိုင်ဘက်ဖြစ်ပါတယ်။ သူတို့ကို ရင်ဆိုင်ဖို့ အကောင်းဆုံး ပြင်ဆင်ထားသလို အားနည်းချက်ကိုလည်း ပြင်ဆင်ထားပါတယ်'' ဟု ပြောကြားခဲ့သည်။ အင်ဒိုနီးရှားအသင်းနည်းပြချုပ် ဆာဖရီက ''မြန်မာအသင်းကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ဒီပွဲမှာ အနိုင်ရဖို့ အာရုံစိုက်ထားပြီး အကောင်းဆုံးပြင် ဆင်ထားပါတယ်''ဟု ပြောကြားခဲ့သည်။

 

မြန်မာအသင်းသည် အုပ်စုပွဲများတွင် မလေးရှားနှင့် ပထမပွဲ၌ တစ်ဂိုးစီသရေကျပြီး အိမ်ရှင်ဖိလစ်ပိုင်အသင်းကို နှစ်ဂိုး-တစ်ဂိုး၊ တီမောအသင်းကို သုံးဂိုး-တစ်ဂိုး၊ ကမ္ဘောဒီးယားအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရကာ ရမှတ် ၁၀ မှတ်ဖြင့် အုပ်စုပထမရကာ ဆီမီးဖိုင်နယ် တက်ရောက်လာခြင်းဖြစ်သည်။ အင်ဒိုနီးရှားအသင်းမှာမူ ထိုင်းအသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ စင်ကာပူအသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ဘရူနိုင်းအသင်းကို ရှစ်ဂိုး-ဂိုးမရှိ၊ လာအိုအသင်းကို လေးဂိုး-ဂိုးမရှိဖြင့် အနိုင်ရပြီး ဗီယက်နမ်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ကာ အုပ်စုဒုတိယဖြင့် ဆီမီးဖိုင်နယ် တက်ရောက်လာခြင်းဖြစ်သည်။ မြန်မာအသင်းသည် ဆီမီးဖိုင်နယ်အဆင့်ကို သုံးကြိမ်ဆက် တက်ရောက်လာခြင်းဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%86%E1%80%AE%E1%80%B8%E1%80%82%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%85%E1%80%BA-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%86%E1%80%AE%E1%80%99%E1%80%AE%E1%80%B8%E1%80%96%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%94%E1%80%9A%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%85%E1%80%89%E1%80%BA%E1%80%99%E1%80%BB%E1%80%AC%E1%80%B8-%E1%80%92%E1%80%AE%E1%80%87%E1%80%84%E1%80%BA%E1%80%98%E1%80%AC-%E1%81%87-%E1%80%9B%E1%80%80%E1%80%BA%E1%80%94%E1%80%B1%E1%80%B7%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%99%E1%80%8A%E1%80%BA