မနီလာ ဒီဇင်ဘာ ၈
ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပလျက်ရှိသည့် အကြိမ် (၃၀) မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ မြားပစ်ပြိုင်ပွဲ တတိယနေ့ကို ယနေ့ နံနက်ပိုင်းမှ စ၍ ကျင်းပရာ မြန်မာမြားပစ်အဖွဲ့သည် Recurve ပြိုင်ပွဲမှ ငွေတံဆိပ်သုံးခု၊ ကြေးတံဆိပ်တစ်ခု ဆွတ်ခူးရရှိခဲ့သည်။
မြန်မာမြားပစ်အဖွဲ့သည် Recurve ပြိုင်ပွဲသုံးမျိုးတွင် ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့သော်လည်း သုံးပွဲစလုံး အရေးနိမ့်ခဲ့သော ကြောင့် ငွေဆုဖြင့် ကျေနပ်ခဲ့ရခြင်းဖြစ်သည်။ အမျိုးသမီးအသင်းလိုက် Recurve အသင်း လိုက်ပြိုင်ပွဲဗိုလ်လုပွဲတွင် မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းတို့ တွေ့ဆုံခဲ့ပြီး မြန်မာ အသင်းသည် ၆-၂ မှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ မြန်မာအမျိုးသမီးအသင်းတွင် ပြည့်စုံနှင်း၊ သီတာနွယ်နှင့် ယမင်းသူတို့ ပါဝင်ခဲ့ပြီး ငွေတံဆိပ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။ အမျိုး သမီးတစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲတွင် ပြည့်စုံနှင်း (မြန်မာ) သည် ဗီယက်နမ် ကစားသမားနှင့် ယှဉ်ပြိုင်ပြီး ၆-၄ မှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် ဗိုလ်လုပွဲ တက်ရောက်ခဲ့သည့် ထိုက်လင်းဦးမှာလည်း အင်ဒိုနီးရှားကစား သမားကို ၆-၄ မှတ်ဖြင့် အရေးနိမ့်ခဲ့သော ကြောင့် ရွှေတံဆိပ်နှင့် လွဲချော်ခဲ့ရသည်။
မြန်မာမြားပစ်အဖွဲ့သည် ပြိုင်ပွဲသုံးခု၏ တတိယနေရာလုပွဲကိုလည်း တက်ရောက် ခဲ့ပြီး တစ်ပွဲသာအနိုင်ရကာ နှစ်ပွဲရှုံးနိမ့်ခဲ့ သည်။ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် သီတာနွယ်က ဗီယက်နမ်ကစားသမားကို ၆-၅ မှတ်ဖြင့် အနိုင်ရကာ ကြေးတံဆိပ် ရခဲ့ပြီး အမျိုးသား+အမျိုးသမီး Mix Team ပြိုင်ပွဲ တတိယနေရာလုပွဲတွင် မလေးရှား အတွဲကို လည်းကောင်း၊ အမျိုးသားတစ်ဦး ချင်းပြိုင်ပွဲတွင် နေလင်းဦးက အင်ဒိုနီးရှား ကစားသမားကို လည်းကောင်း ရှုံးနိမ့်ကာ ဆုတံဆိပ်နှင့် လွဲချော်ခဲ့သည်။
မြားပစ်ပြိုင်ပွဲ၏ Compound ပွဲစဉ် များကို ဒီဇင်ဘာ ၉ ရက် (ယနေ့) ဆက်လက် ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ တတိယနေရာ လုပွဲတစ်ပွဲသာ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့် (ခေတ္တ-မနီလာ)