နေပြည်တော်၊ဒီဇင်ဘာ(၉)ရက်။
ဖိလစ်ပိုင်နိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၁၉ခုနှစ် (၃၀)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/ အားကစားရုံအသီးသီး၌ ကျင်းပပြုလုပ်ရာ World Trade Center Halls A, B & C ၌ ကျင်းပပြုလုပ်သည့် ကရာတေးအားကစားပြိုင်ပွဲ အမျိုးသား(၃)ယောက်တွဲအသင်းလိုက်ပြိုင်ပွဲတွင် မြန်မာအသင်းသည် အိမ်ရှင်ဖိလစ်ပိုင်အသင်းအား ရှုံးနိမ့်ခဲ့ပြီး၊ အမျိုးသမီး ကုမိတဲ့(+၆၁) ကီလို တန်းပွဲစဉ်တွင် မြန်မာမှ နွေးနွေးဇော်၀င်းသည် ကြေးတံဆိပ်(၁)ခု၊ အမျိုးသား ကုမိတဲ(-၇၅) ကီလိုတန်းပွဲစဉ်တွင် မြန်မာမှ ဇော်မင်းထက်သည် အိမ်ရှင်ဖိလစ်ပိုင်ကိုလည်းကောင်း ရှုံးနိမ့်ခဲ့ပါသည်။
ဆက်လက်၍ Manila Hotel Tent ၌ ကျင်းပပြုလုပ်သော (အမျိုးသား) တစ်ဦးချင်း English ဘိလိယက်ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်တွင် မြန်မာနှင့်စင်္ကာပူတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာမှ နေသွေးဦး ငွေတံဆိပ်(၁)ခုနှင့် (အမျိုးသား) တစ်ဦးချင်း 9ball Pool ကွာတားဖိုင် နယ်ပွဲစဉ်တွင် မြန်မာမှ ဘုန်းမြင့်ကျော်သည် ဗီယက်နမ် ကစားသမားကို အနိုင်ရရှိကာ ဆီမီးဖိုင် နယ်ပွဲစဉ်သို့ တက်ရောက်သွားပါသည်။
ဆက်လက်၍ PICC Forum ၌ ကျင်းပပြုလုပ်သော လက်ဝှေ့အားကစားပြိုင်ပွဲ အမျိုးသမီး (၅၅)ကီလိုတန်း ဗိုလ်လုပွဲ ပွဲစဉ်တွင် မြန်မာမှ နွယ်နီဦးသည် အိမ်ရှင်ဖိလစ်ပိုင် ကစားသမားအား ရှုံးနိမ့်ခဲ့ပြီး ငွေတံဆိပ်(၁)ခု ရရှိခဲ့ပါသည်။
အဆိုပါ ပြိုင်ပွဲများသို့ မြန်မာအားကစားအဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးနှင့် တာ၀န်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးလျက်ရှိပါသည်။
ဆက်လက်၍ New Clark City Aquatics Center (Clark) တွင် ကျင်းပသော ရေကူးပြိုင်ပွဲ အမျိိုးသား မီတာ(၅၀) Free Style ဗိုလ်လုပွဲ ပွဲစဉ်တွင် မြန်မာမှ ၀င်းထွဋ်ဦးက အဆင့်(၄) နေရာ၊ အမျိုးသမီး မီတာ(၁၀၀) Heat ပြိုင်ပွဲတွင် နန်းဟန်နီဦးက အဆင့်(၇) နေရာသာ ရရှိခဲ့ပါသည်။
ဆက်လက်၍ New Clark Athletics Stadium တွင် ကျင်းပပြုလုပ်သည့် အမျိုးသား (၂၀)ကီလိုမီတာလမ်းလျှောက်ပြိုင်ပွဲတွင် မြန်မာမှ မိုင်းညီညီမိုးက ကြေးတံဆိပ်(၁)ခုနှင့် ပြည့်ဖြိုးထွန်းက အဆင့်(၄) နေရာ၊ အမျိုးသမီး မီတာ(၈၀၀) ဗိုလ်လုပွဲ ပွဲစဉ်တွင် မြန်မာမှ ရွှေလီမြင့်သည် အဆင့်(၆) နေရာ၊ သီသီမွန်သည် အဆင့်(၇)နေရာနှင့် အမျိုးသား(၁၀)မျိုးစုံ ပြိုင်ပွဲတွင် မြန်မာမှ ပိုင်ကို၀င်းသည် အဆင့်(၇)နေရာကို ရရှိခဲ့ပါသည်။
ဆက်လက်၍SCC Angeleles University Foundation ၌ ကျင်းပသည့် နပန်းပြိုင်ပွဲ အမျိုးသား(၅၅)ကီလိုတန်းပြိုင်ပွဲ၌ မြန်မာမှ မျိုးကိုက ထိုင်းအား (၁၅)မှတ် (၇)မှတ်ဖြင့် လည်းကောင်း၊ ဒုတိယပွဲတွင် အိမ်ရှင်ဖိလစ်ပိုင်အသင်းအား (၄)မှတ် (၃)မှတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီး၊ အမျိုးသား(၆၀) ကီလိုတန်း ပြိုင်ပွဲတွင် မြန်မာမှ ၀ဏ္ဏထွန်းက ကြေးတံဆိပ်(၁)ခု၊ အမျိုးသမီး (၅၀)ကီလို တန်းပြိုင်ပွဲတွင် မြန်မာမှ ကေသီခိုင်က ကြေးတံဆိပ်(၁)ခု ရရှိခဲ့ပါသည်။
ဆက်လက်၍ CDC Parade Grounds, Clark City ၌ ကျင်းပသည့် မြားပစ်ပြိုင်ပွဲ (အမျိုးသမီး) တစ်ဦးချင်း Compound ပွဲစဉ်တွင် မြန်မာမှ စုစုလှိုင်က စင်္ကာပူကစားသမားကို အနိုင်ရရှိကာ ကြေးတံဆိပ်(၁)ခု ရရှိခဲ့ပါသည်။
အဆိုပါ ပြိုင်ပွဲများသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဦး၊ မြန်မာအားကစားအဖွဲ့ ဒုတိယခေါင်းဆောင် ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးတောက်ထွန်းနှင့် တာ၀န်ရှိသူများသည် ပြိုင်ပွဲများကြည့်ရှုအားပေးခဲ့ပါသည်။
(၇.၁၂.၂၀၁၉) ရက်နေ့တွင် ယှဉ်ပြိုင်ကစားခဲ့သော စစ်တုရင်အားကစားနည်းတွင် ပြိုင်ပွဲအမျိုးအစား(၅)မျိုးယှဉ်ပြိုင်ရာ မြန်မာနိုင်ငံအနေဖြင့် အာဆီယံစစ်တုရင် ကစားနည်းတစ်မျိုးသာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာမှ ၀င်းဇော်ထွန်းက ကြေးတံဆိပ်(၁)ခု၊ ပထမရွှေတံဆိပ်ကို ထိုင်းနှင့် တတိယကြေးတံဆိပ်ကို အင်ဒိုနီးရှား နိုင်ငံတို့မှ ရရှိခဲ့ကြောင်း သိရှိရပါသည်။
ယနေ့အထိ ဆုတံဆိပ်ရရှိမှုမှာ ရွှေ(၃)ခု၊ ငွေ(၁၈)ခု၊ ကြေး(၄၄)ခု ရရှိပြီး မြန်မာနိုင်ငံ အနေဖြင့် အဆင့်(၈)နေရာတွင် ရပ်တည်နေကြောင်း သိရှိရပါသည်။