မနီလာ ဒီဇင်ဘာ ၉
အကြိမ် (၃၀) မြောက် ဆီးဂိမ်းပြိုင်ပွဲ၌ ဘိလိယက် တစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့မွန်းလွဲ ၁ နာရီက မနီလာဟိုတယ်၌ ကျင်းပရာ မြန်မာကစားသမား နေသွေးဦးသည် ငွေတံဆိပ်သာ ရရှိခဲ့သည်။
ဗိုလ်လုပွဲတွင် နေသွေးဦး (မြန်မာ) နှင့် ပီတာဂေးလ် ခရစ် (စင်ကာပူ) တို့ တွေ့ဆုံခဲ့ပြီး ပီတာဂေးလ်ခရစ်က သုံးပွဲပြတ် အနိုင်ရခဲ့သည်။ ပီတာဂေးလ်ခရစ်သည် ဆီးဂိမ်း ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲတွင် ငါးကြိမ်ဆက် ရွှေတံဆိပ် ရယူထားသူဖြစ်ပြီး နေသွေးဦးအနေဖြင့် ကြိုးစားယှဉ်ပြိုင် ခဲ့သော်လည်း ငွေတံဆိပ်ဖြင့်သာ ကျေနပ်ခဲ့ရခြင်းဖြစ် သည်။
နေသွေးဦးသည် ပထမပွဲငယ်တွင် အနိုင်ရနိုင်သည့် အနေအထားမျိုးရှိခဲ့သလို ဒုတိယနှင့် တတိယပွဲငယ်တွင် လည်း အမှတ်ပြန်လိုက်နိုင်သည့် အခွင့်အရေးများရခဲ့ သော်လည်း အသုံးမချနိုင်သောကြောင့် နစ်နာခဲ့ရ သည်။ ပီတာဂေးလ်ခရစ်သည် နေသွေးဦးကို ၁၀၀- ၆၁ မှတ်၊ ၁၀၁-၄၃ မှတ်၊ ၁၀၀ - ၅၁ မှတ်ဖြင့် သုံးပွဲပြတ် အနိုင်ယူကာ တစ်ဦးချင်းရွှေတံဆိပ်ဆုကို ခြောက်ကြိမ် ဆက်တိုက်ရယူနိုင်ခဲ့သည်။
Pool 9 Ball အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ ကွာတား ဖိုင်နယ်ပွဲများကို ယနေ့နံနက်ပိုင်းက ဆက်လက်ကျင်းပရာ မြန်မာကစားသမား ဖုန်းမြင့်ကျော် (ခ) မောင်မောင်သည် ဗီယက်နမ်ကစားသမား (၉-၇) ပွဲဖြင့် အနိုင်ရကာ ဆီမီးဖိုင်နယ် တက်ရောက်ခဲ့သည်။ ဆီမီးဖိုင်နယ်ပွဲ ကို ဒီဇင်ဘာ ၁၀ ရက် (ယနေ့) နံနက်ပိုင်းတွင် ကျင်းပမည်ဖြစ်ပြီး ဆီမီးဖိုင်နယ်အနိုင်ရပါက ဗိုလ်လု ပွဲကို ညနေပိုင်းတွင် ဆက်လက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
ညီမြတ်သော်တာ
စိုးညွန့် (ခေတ္တ-မနီလာ)