spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ဆီးဂိမ်း Pool 9 Ball တစ်ဦးချင်းပြိုင်ပွဲတွင် ဘုန်းမြင့်ကျော် (ခ) မောင်မောင် ရွှေဆုရယူ

ဆီးဂိမ်း Pool 9 Ball တစ်ဦးချင်းပြိုင်ပွဲတွင် ဘုန်းမြင့်ကျော် (ခ) မောင်မောင် ရွှေဆုရယူ

 

၁၀ ဒီဇင်ဘာ

ဆီးဂိမ်း Pool 9 Ball တစ်ဦးချင်းပြိုင်ပွဲ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲကို ယနေ့နံနက်ပိုင်းနှင့် ညနေပိုင်းက မနီလာဟိုတယ်၌ ကျင်းပရာ ဘုန်းမြင့်ကျော် (ခ) မောင်မောင် ဗိုလ်စွဲကာ ချန်ပီယံဖြစ်ခဲ့ပြီး မောင်မောင် ရရှိခဲ့သည့် ရွှေတံဆိပ်မှာ ယခုနှစ်ဆီးဂိမ်းတွင် မြန်မာနိုင်ငံက ရရှိသည့် စတုတ္ထမြောက် ရွှေဆုဖြစ်ခဲ့သည်။

ဘုန်းမြင့်ကျော် (ခ) မောင်မောင်သည် ဆီမီးဖိုင်နယ်ပွဲကို နံနက်ပိုင်းတွင် ယှဉ်ပြိုင်ကစားခဲ့ပြီး စင်ကာပူကစားသမား အလွိုင်းဆီယက်ကို ၉-၆ ပွဲဖြင့် အနိုင်ရခဲ့သည်။ မောင်မောင်နှင့် အလွိုင်းဆီယက်စ်သည် ပွဲငယ်များ အပြန်အလှန် အနိုင်ရပြီး ၆-၆ ပွဲစီ တူညီခဲ့သည်။ ၁၃ ပွဲမြောက်မှစတင်ကာ မောင်မောင်က လက်စွမ်းပြပြီး သုံးပွဲဆက် အနိုင်ရသောကြောင့် ၉-၆ ပွဲဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ မောင်မောင်သည် ဗိုလ်လုပွဲတွင် ဗီယက်နမ်ကစားသမား ဒိုသီကင်နှင့် တွေ့ဆုံခဲ့သည်။ ဒိုသီကင်သည် ဆီင်္မးတွင် စင်ကာပူနာမည်ကြီး ကစားသမားကို ကျော်ဖြတ်လာသူဖြစ်သည်။ ဗိုလ်လုပွဲတွင်လည်း အကောင်းဆုံးပုံစံ ဆက်လက်ပြသနိုင်ခဲ့ပြီး ဒိုသီကင်ကို (၉-၄) ပွဲဖြင့် အနိုင်ရခဲ့သည်။ မောင်မောင်သည် တောက်လျှောက်ဦးဆောင်နိုင်ခဲ့သလို ပြိုင်ဘက်၏ အမှားများကိုလည်း အသုံးချနိုင်သောကြောင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

 

မောင်မောင်သည် ယခုနှစ်ဆီးဂိမ်းစ်ပြိုင်ပွဲတွင် တစ်ဦးချင်းရွှေတံဆိပ်ဆုအပြင် နှစ်ယောက်တွဲ ရွှေတံဆိပ်ဆုကိုလည်း အောင်မိုးသူနှင့်အတူ ရရှိခဲ့ရာ မြန်မာအားကစားသမားများတွင် အအောင်မြင်ဆုံး ကစားသမားဖြစ်ခဲ့သည်။ မောင်မောင်သည် တရုတ်နိုင်ငံ၌ ကျင်းပသည့် Pool ပြိုင်ပွဲများတွင် သွားရောက်ယှဉ်ပြိုင်ရာမှ လက်ရည်တိုးတက်လာသူဖြစ်ပြီး ယခုနှစ်ဆီးဂိမ်းစ်ပြိုင်ပွဲတွင် နိုင်ငံအတွက် ရွှေတံဆိပ်နှစ်ခု ရယူပေးနိုင်ခဲ့ခြင်းဖြစ်သည်။

 

ဘိလိယက်/စနူကာနှင့် Pool ပွဲစဉ်များ ပြီးဆုံးသွားပြီဖြစ်ပြီး မြန်မာဘိလိယက်အဖွဲ့က ရွှေနှစ်ခု ငွေတစ်ခု ကြေးသုံးခု ဆွတ်ခူးရရှိခဲ့သည်။ မြန်မာဘိလိယက်အဖွဲ့သည် Pool ပြိုင်ပွဲမှ ရွှေနှစ်ခု၊ ကြေးနှစ်ခု၊ ဘိလိယက်ပြိုင်ပွဲမှ ငွေတစ်ခု၊ စနူကာပြိုင်ပွဲမှ ကြေးတစ်ခုရရှိကာ ဆုတံဆိပ်စုစုပေါင်း ခြောက်ခု ရယူနိုင်ခဲ့သည်။

သတင်း- ညီမြတ်သော်တာ

ဓာတ်ပုံ - စိုးညွှန့်


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%86%E1%80%AE%E1%80%B8%E1%80%82%E1%80%AD%E1%80%99%E1%80%BA%E1%80%B8-pool-9-ball-%E1%80%90%E1%80%85%E1%80%BA%E1%80%A6%E1%80%B8%E1%80%81%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%98%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%84%E1%80%B7%E1%80%BA%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%BA-%E1%80%81-%E1%80%99%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%99%E1%80%B1%E1%80%AC%E1%80%84%E1%80%BA-%E1%80%9B%E1%80%BD%E1%80%BE%E1%80%B1%E1%80%86%E1%80%AF%E1%80%9B%E1%80%9A%E1%80%B0