spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ဆီးဂိမ်းပြိုင်ပွဲ ပြီးဆုံးခဲ့ပြီး မြန်မာအားကစားအဖွဲ့ ရွှေ ၄ ခု၊ ငွေ ၁၈ ခု၊ ကြေး ၅၁ ခု ရရှိ

ဆီးဂိမ်းပြိုင်ပွဲ ပြီးဆုံးခဲ့ပြီး မြန်မာအားကစားအဖွဲ့ ရွှေ ၄ ခု၊ ငွေ ၁၈ ခု၊ ကြေး ၅၁ ခု ရရှိ

 

၁၁ ဒီဇင်ဘာ

ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ၂၀၁၉ ခုနှစ် အကြိမ် (၃၀)မြောက် ဆီးဂိမ်းပြိုင်ပွဲ ပြီးဆုံးခဲ့ပြီး မြန်မာအားကစားအဖွဲ့အနေဖြင့် ရွှေလေးခု၊ ငွေ ၁၈ ခု၊ ကြေး ၅၁ ခု ဆွတ်ခူးရရှိခဲ့သည်။ မြန်မာအားကစားအဖွဲ့အနေဖြင့် ယင်းဆုတံဆိပ်စုစုပေါင်း ၇၃ ခုကို အားကစားနည်း ၁၉  မျိုးမှ ရယူနိုင်ခဲ့ပြီး ဘိလိယက်အဖွဲ့က ရွှေနှစ်ခု၊ ငွေတစ်ခု၊ ကြေးသုံးခုဖြင့် အအောင်မြင်ဆုံး အားကစားအဖွဲ့အဖြစ် ရပ်တည်နိုင်ခဲ့သည်။

မြန်မာအားကစားအဖွဲ့အနေဖြင့် အားကစားနည်း ၃၁ မျိုး၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရွှေတံဆိပ်လေးခုသာ ရယူနိုင်ခဲ့ပြီး ဒီဇင်ဘာ ၁၀ ရက်တွင် Pool 9 Ball ပြိုင်ပွဲမှ ရွှေတံဆိပ်တစ်ခု ရယူနိုင်ခဲ့သောကြောင့် နိုင်ငံအလိုက်ဆုရရှိမှုတွင် အဆင့် (၇) နေရာ၌ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာအားကစားအဖွဲ့အတွက် ဆုတံဆိပ်များကို ဘိလိယက်၊ စနူကာနှင့် Pool အဇွဲ့က ရွှေနှစ်ခု၊ ငွေတစ်ခု၊ ကြေးသုံးခု၊ Arnis အဖွဲ့က ရွှေတစ်ခု၊ ငွေလေးခု၊ ကြေး ၁၅ ခု၊ လှေလှော်အဖွဲ့က ရွှေတစ်ခု၊ ငွေသုံးခု၊ ကြေးလေးခု၊ မြားပစ်အဖွဲ့က ငွေသုံးခု၊ ကြေးနှစ်ခု၊ ဂျူဒိုအဖွဲ့က ငွေနှစ်ခု၊ ကြေးသုံးခု၊ ဝူရှူးအဖွဲ့က ငွေတစ်ခု၊ ကြေးသုံးခု၊ ပြေးခုနစ်ပစ်အဖွဲ့က ငွေတစ်ခု၊ ကြေးနှစ်ခု၊ လက်ဝှေ့အဖွဲ့က ငွေတစ်ခု၊ ကြေးနှစ်ခု၊ ပိုက်ကျော်ခြင်းအဖွဲ့က ငွေတစ်ခု၊ ကြေးနှစ်ခု၊ အလေးမအဖွဲ့က ငွေတစ်ခု၊ တိုက်ကွမ်ဒိုအဖွဲ့က ကြေးလေးခု၊ နပန်းအဖွဲ့က ကြေးသုံးခု၊ ဘောလုံးအသင်းက ကြေးနှစ်ခု၊ စစ်တုရင်၊ ရုံတွင်းဟော်ကီ၊ ကရာတေး၊ Kurash၊ ပီတန်းနှင့် ရွက်လှေအဖွဲ့က ကြေးတစ်ခုစီ ရရှိခဲ့သည်။

မြန်မာအားကစားအဖွဲ့သည် ၁၉၉၉ ခုနှစ် ဘရူနိုင်းဆီးဂိမ်းပြိုင်ပွဲ နောက်ပိုင်း ရွှေတံဆိပ်အရေအတွက် အနည်းဆုံးရရှိခဲ့ခြင်းဖြစ်ပြီး ဘိလိယက်၊ လှေလှော်နှင့် Arnis အားကစားနည်းမှသာ ဆုတံဆိပ်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာအားကစားအဖွဲ့အတွက် ရွှေတံဆိပ်ဆုများကို Pool 9 Ball နှစ်ယောက်တွဲပြိုင်ပွဲမှ ဘုန်းမြင့်ကျော် (ခ) မောင်မောင်နှင့် အောင်မိုးသူအတွဲ၊ တစ်ဦးချင်းပြိုင်ပွဲမှ ဘုန်းမြင့်ကျော် (ခ) မောင်မောင်၊ Arnis အားကစားနည်းမှ အိန္ဒြေဖူး၊ ရိုးရာလှေ အမျိုးသမီး မီတာ ၂၀၀ လေးတက်လှော်ပြိုင်ပွဲတို့မှ ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

သတင်း- ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွှန့်


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%86%E1%80%AE%E1%80%B8%E1%80%82%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%95%E1%80%BC%E1%80%AE%E1%80%B8%E1%80%86%E1%80%AF%E1%80%B6%E1%80%B8%E1%80%81%E1%80%B2%E1%80%B7%E1%80%95%E1%80%BC%E1%80%AE%E1%80%B8-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7-%E1%80%9B%E1%80%BD%E1%80%BE%E1%80%B1-%E1%81%84-%E1%80%81%E1%80%AF%E1%81%8A-%E1%80%84%E1%80%BD%E1%80%B1-%E1%81%81%E1%81%88-%E1%80%81%E1%80%AF%E1%81%8A-%E1%80%80%E1%80%BC%E1%80%B1%E1%80%B8-%E1%81%85%E1%81%81-%E1%80%81%E1%80%AF-%E1%80%9B%E1%80%9B%E1%80%BE%E1%80%AD