spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ မြန်မာ့ရိုးရာ ခြင်းလုံးဝိုင်းဖွဲ့ အမှတ်ခတ်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ မြန်မာ့ရိုးရာ ခြင်းလုံးဝိုင်းဖွဲ့ အမှတ်ခတ်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

 

ရန်ကုန် ၁၁ ဒီဇင်ဘာ 

၂၀၁၉ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ (၄)ပေါက်တန်း မြန်မာ့ရိုးရာ ခြင်းလုံးဝိုင်းဖွဲ့ အမှတ်ခတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ အောင်ဆန်းအားကစားပြိုင်ဝင်း မိုးလုံလေလုံခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသက်လွင်က အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ရိုးရာခြင်းလုံးဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းတင့်က ကျေးဇူးတင်စကား ပြောကြားကာ ပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာဓိဋ္ဌာန် ရွက်ဆိုကြပြီး မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ကြပြီး ပြိုင်ပွဲဝင်အသင်းများ၏ မြန်မာ့ရိုးရာခြင်းလုံးဝိုင်းဖွဲ့ ယှဉ်ပြိုင်မှုကို ကြည့်ရှုအားပေးကြသည်။ 

ရန်ကုန်တိုင်းဒေသကြီး ရိုးရာခြင်းလုံးဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးဝင်းတင့်က “ဒီပြိုင်ပွဲက နှစ်စဉ်လုပ်နေပါတယ်။ ဝန်ကြီးချုပ်ဖလားဆိုပြီး မြို့နယ်ပေါင်းစုံက ပြိုင်ပြီးတော့ ရန်ကုန်တိုင်းကို ကိုယ်စားပြုရွေးချယ်တဲ့ ပွဲလည်းဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ဝင်ပြိုင်တဲ့အသင်းက အသင်း ၃၀ ဆိုတော့ စံချိန်တင်တာပေါ့။ မြန်မာနိုင်ငံရိုးရာခြင်းလုံး အဖွဲ့ချုပ်ကလည်း တော်တော်ထောက်ပံ့ပါတယ်။ မြန်မာရိုးရာခြင်းလုံးက လူတိုင်းတော့ သိနေပါတယ်။ လူတိုင်းသိနေသလို လမ်းဘေးမှာ အပျော်တမ်းခတ်တာထက် ပြိုင်ပွဲစနစ်နဲ့ တိုးတက်အောင် ခတ်နေတယ်ဆိုတာ လူတိုင်းသိစေချင်လို့ ဒီပြိုင်ပွဲတွေကို ကြိုးစားပြီးလုပ်ပေးနေတာပါ”ဟု ပြောသည်။

 

ယနေ့ ကျင်းပသည့် မြန်မာ့ရိုးရာ ခြင်းလုံးဝိုင်းဖွဲ့ အမှတ်ခတ်ပြိုင်ပွဲတွင် အသက်ကန့်သတ်ထားခြင်းမရှိဘဲ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၅ မြို့နယ်မှ  မြို့နယ်ပေါင်း ၃၀ က လာရောက်ယှဉ်ပြိုင်ကြပြီး အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမား စုစုပေါင်း ၃၀၀ ဦး ပါဝင်ကြသည်။

အဆိုပါ မြန်မာ့ရိုးရာ ခြင်းလုံးဝိုင်းဖွဲ့ အမှတ်ခတ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၅ ရက် ညနေ ၄ နာရီတွင် အောင်ဆန်းအားကစားပြိုင်ဝင်း မိုးလုံလေလုံခန်းမ၌ ကျင်းပသွားမည်ဖြစ်ပြီး ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု အပါအဝင် စုစုပေါင်း ဆု ၅ ဆု ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းနှင့်ဓာတ်ပုံ/မင်းသစ်(MNA)


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%9B%E1%80%94%E1%80%BA%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7-%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%E1%80%96%E1%80%9C%E1%80%AC%E1%80%B8-%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%B6-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%B7%E1%80%9B%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%AC