နေပြည်တော်၊ ဒီဇင်ဘာ (၁၄) ရက်။
''တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် မြန်မာ့အားကစားလောကအဆင့်အတန်းမြင့်မားစေရန်ရည်ရွယ်၍ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုများ''အဖြစ် ဒီဇင်ဘာလ၏ အပတ်စဉ်စနေနေ့တိုင်း လူထုစုပေါင်းလမ်းလျှောက်ပွဲများကို နိုင်ငံတစ်ဝှမ်းလုံးရှိ အမြို့မြို့အနယ်နယ်များတွင် ကျင်းပပြုလုပ်လျက်ရှိရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ၀န်ထမ်းများ လုပ်သားပြည်သူများ၏ စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် (၅:၂၀) နာရီအချိန် နေပြည်တော်၊ မြို့မဈေးရှေ့တွင် ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ သေနတ်ပစ်ဖောက် တာလွှတ်ပေးခဲ့သည်။စုပေါင်းလမ်းလျှောက်ပွဲသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ၀န်ကြီးဌာနပေါင်းစုံမှ ၀န်ထမ်းများနှင့် နေပြည်တော်ရှိ လုပ်သားပြည်သူများ စုစုပေါင်းအင်အား (၇၈၃၆)ဦး တစ်ပျော်တစ်ပါးစည်ကားသိုက်မြိုက်စွာ ပါ၀င်ဆင်နွှဲကြပါသည်။

လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ပါ၀င်ဆင်နွှဲကြသူများသည် နေပြည်တော်၊ မြို့မဈေးရှေ့၌ နံနက် (၅:၂၀) အချိန်တွင် စတင်တာထွက်ပြီး ပျဉ်းမနားတောင်ညိုလမ်းအတိုင်း သပြေကုန်းအ၀ိုင်းမှတဆင့် မဏိရတနာ ကျောက်စိမ်းခန်းမရှေ့အထိ ပျော်ပျော်ပါးပါးလမ်းလျှောက်ကာ ပန်း၀င်ကြပါသည်။ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ပါ၀င်ဆင်နွှဲကြသူများအား အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာ၀န်ရှိသူများက ရေသန့်ဘူးနှင့် အာဟာရမုန့်များကို ပေးဝေကြပါသည်။
ထို့နောက် လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ပါ၀င်ဆင်နွှဲကြသူများသည် မဏိရတနာကျောက်စိမ်း ခန်းမရှေ့၌ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး အတွဲ(၁)(၂)နှင့် Free Hand Exercise လေ့ကျင့်ခန်းများ စုပေါင်းပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။