spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အိုလံပစ် အမျိုးသမီးဘောလုံး တတိယအဆင့်ခြေစစ်ပွဲအတွက် မြန်မာအသင်း ပြင်ဆင်မည်

အိုလံပစ် အမျိုးသမီးဘောလုံး တတိယအဆင့်ခြေစစ်ပွဲအတွက် မြန်မာအသင်း ပြင်ဆင်မည်

 

၁၄ ဒီဇင်ဘာ

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီတွင် ယှဉ်ပြိုင်ရမည့် အိုလံပစ် အမျိုးသမီးဘောလုံး တတိယအဆင့်ခြေစစ်ပွဲအတွက် ယခုလအတွင်း လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းသည် ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်ခဲ့သလို အိုလံပစ်ခြေစစ်ပွဲတွင်လည်း ပထမအဆင့်နှင့် ဒုတိယအဆင့်တို့ အောင်မြင်ခဲ့သောကြောင့် လာမည့်နှစ်ဆန်းပိုင်းတွင် ကျင်းပမည့် တတိယအဆင့် ခြေစစ်ပွဲအတွက် ပြင်ဆင်ရမည်ဖြစ်သည်။ အိုလံပစ် တတိယအဆင့်ခြေစစ်ပွဲကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်မှ ၉ ရက်အထိ လေးသင်းနှစ်အုပ်စုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စုတစ်ခုစီမှ ထိပ်ဆုံးနှစ်သင်းစီမှာ နောက်တစ်ဆင့်သို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။

အုပ်စုပထမနှင့် ဒုတိယနေရာရအသင်းတို့ နှစ်ကျော့စနစ်ဖြင့် ကစားကာ အနိုင်ရသည့်နှစ်သင်းမှာ အိုလံပစ်ပြိုင်ပွဲ နောက်ဆုံးအဆင့်သို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။ တတိယအဆင့်ခြေစစ်ပွဲ အုပ်စု (က)တွင် မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ ဗီယက်နမ်၊ မြန်မာ၊ အုပ်စု (ခ)တွင် သြစတြေးလျ၊ တရုတ်၊ ထိုင်း၊ တရုတ်တိုင်ပေအသင်းတို့ ပါဝင်နေသည်။ မြန်မာအသင်းပါဝင်သည့် အုပ်စု (က) ပွဲစဉ်များကို တောင်ကိုရီးယားနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး အုပ်စု (ခ) ပွဲစဉ်များကိုမူ တရုတ်နိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။  မြန်မာအသင်းသည် အုပ်စုပွဲများအဖြစ် ဖေဖော်ဝါရီ ၃ ရက်တွင် မြောက်ကိုရီးယားအသင်း၊ ဖေဖော်ဝါရီ ၆ ရက်တွင် တောင်ကိုရီးယားအသင်း၊ ဖေဖော်ဝါရီ ၉ ရက်တွင် ဗီယက်နမ်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အိုလံပစ် ခြေစစ်ပွဲယှဉ်ပြိုင်ရန် တစ်လကျော်သာ ကျန်ရှိတော့သောကြောင့် မြန်မာအမျိုးသမီးအသင်း အနေဖြင့် ဆီးဂိမ်းစ်ပြိုင်ပွဲအပြီးတွင် နှစ်ပတ်ဝန်းကျင်သာနားကာ ပြန်လည်လေ့ကျင့်ရန် စီစဉ်နေခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးအသင်း နည်းပြချုပ် ဦးဝင်းသူမိုးသည် ဒီဇင်ဘာ ၂၃ ရက်တွင် ပြန်လည်လေ့ကျင့်ရန် စီစဉ်ထားပြီး ဆီးဂိမ်းစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့်အသင်းကို အခြေခံကာ ကစားသမားသစ်များ အားဖြည့်ကာ ဖွဲ့စည်းသွားမည်ဖြစ်သည်။ မြန်မာအသင်းသည် ၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုရရှိခဲ့သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ- စိုးညွန့်


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%AD%E1%80%AF%E1%80%9C%E1%80%B6%E1%80%95%E1%80%85%E1%80%BA-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8-%E1%80%90%E1%80%90%E1%80%AD%E1%80%9A%E1%80%A1%E1%80%86%E1%80%84%E1%80%BA%E1%80%B7%E1%80%81%E1%80%BC%E1%80%B1%E1%80%85%E1%80%85%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%A1%E1%80%90%E1%80%BD%E1%80%80%E1%80%BA-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8-%E1%80%95%E1%80%BC%E1%80%84%E1%80%BA%E1%80%86%E1%80%84%E1%80%BA%E1%80%99%E1%80%8A%E1%80%BA