မိုင်းယောင်း ဒီဇင်ဘာ ၁၈
၂၀၁၉-၂၀၂၀ ပညာသင်နှစ် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် အခြေခံကျောင်းပေါင်းစုံ အသက်(၁၆)နှစ်အောက် ကျောင်းသား အားကစား ပွဲတော် ဘောလုံး၊ ဘော်လီဘော ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်း အနားကို ယနေ့ နံနက်ပိုင်းက မြို့မအားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ (အမျိုးသား)ပွဲစဉ်တွင် အ.ထ.က(မိုင်းယောင်း) က အ.လ.က(တပ်တွင်း)ကို လေးဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ (အမျိုးသမီး) ပွဲစဉ်တွင် အ.ထ.က(မိုင်းယောင်း)က အ.လ.က (တပ်တွင်း) ကို နှစ်ဂိုး တစ်ဂိုးဖြင့် လည်းကောင်း၊ ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲ (အမျိုးသား) ပွဲစဉ်တွင် အ.ထ.က(မိုင်းယောင်း)က အ.လ.က(တပ်တွင်း) ကိုလည်းကောင်း၊ (အမျိုးသမီး)ပွဲစဉ်တွင် အ.ထ.က(မိုင်းယောင်း)က မုန်းလိုက် အ.လ.က(ခွဲ)ကိုလည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြသည်။
ထို့နောက် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ မြို့နယ်အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာန ဒုတိယ ဦးစီးမှူး ဦးဟိန်းဇော်ဦး၊ ဒုတိယမြို့နယ်ပညာရေး မှူး ဦးမြင့်အောင်၊ အ.ထ.ကကျောင်းအုပ်ကြီး ဦးကိုကိုကြီး၊ အ.လ.က ကျောင်းအုပ်ကြီး ဒေါ်မြမြသန်းနှင့် တာဝန်ရှိသူတို့က ဆုများ အသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)