ရန်ကုန်၊ သြဂုတ်လ( ၂၇ )ရက်။
(၂၉)ကြိမ်မြောက်အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် ပြိုင်ပွဲများယှဉ်ပြိုင်ပြီးဆုံး၍ ပြန်လည်ရောက်ရှိလာသည့် စားပွဲတင်တင်းနစ်အသင်း၊ အမျိုးသားဘတ်စကက်ဘောအသင်း၊ ရေကူးအသင်း၊ ဂေါက်သီးအသင်းနှင့် ရွှေတံဆိတ်(၁)ခု၊ ကြေးတံဆိပ်(၃)ခုရရှိခဲ့သော မြန်မာ့ လက်ရွေးစင် သေနတ်ပစ်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြများ၊ အားကစားသမားများသည် ယနေ့နံနက်(၁ဝ)နာရီက MH(740) လေကြောင်း ခရီးစဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်နှင့်တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်အေးအေးရွှေ နှင့်အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးအားကစားဆပ်ကော်မတီ မှ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) သင်တန်းကျောင်းမှ သင်တန်းသား/ သင်တန်းသူများ၊ မြန်မာနိုင်ငံသေနတ်ပစ်အဖွဲ့ချုပ် မှ အလုပ်အမှုဆောင်များနှင့် ကုမ္ပဏီဝန်ထမ်းများ၊ မိဘဆွေမျိုးများက ပန်းစည်းများ၊ ပန်းကုံးများ ဆွတ်၍လည်းကောင်း၊ အိုးစည်ထိုးပတ် များတီး၍လည်းကောင်း သောင်းသောင်းဖျဖျ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
မြန်မာ့လက်ရွေးစင်သေနတ်ပစ်အသင်းသည် အမျိုးသမီး(၁ဝ)မီတာ လေပစ္စတို ပြိုင်ပွဲ၌ မြန်မာ မှ မေပိုးဝါ က ရွှေတံဆိပ်(၁)ဆု၊ အမျိုးသား မီတာ (၅ဝ) free ပစ္စတို ပြိုင်ပွဲ နှင့် (၁ဝ)မီတာ လေပစ္စတိုပြိုင်ပွဲများ၌ မြန်မာ မှ ကျော်စွာဝင်း က ကြေးတံဆိပ်(၂)ဆု နှင့် အမျိုးသားမီတာ (၅ဝ) ဝမ်းလျားမှောက် ရိုင်ဖယ်ပြိုင်ပွဲတွင် ကောင်းထိုက်က ကြေးတံဆိပ် (၁)ဆု စုစုပေါင်း ရွှေ(၁)ဆု၊ ကြေး(၃)ဆု ဖြင့် အောင်မြင်မှုရရှိခဲ့ကြောင်းသတင်းရရှိသည်။