spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > TAKUYA TANIYAMA CUP KARATE CHAMPIONSHIPS 2019 ဖိတ်ခေါ် ကရာတေးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

TAKUYA TANIYAMA CUP KARATE CHAMPIONSHIPS 2019 ဖိတ်ခေါ် ကရာတေးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

မန္တလေး  ၂၁   ဒီဇင်ဘာ 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ်မှ ကြီးမှူး၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် Advertising NAGATA Co.Ltd တို့၏ ပံ့ပိုးကူညီမှုဖြင့် ကျင်းပပြုလုပ်သော TAKUYA TANIYAMA CUP KARATE CHAMPIONSHIPS 2019 ဖိတ်ခေါ်ကရာတေးပြိုင်ပွဲဖွင့်ပွဲကို မန္တလေးမြို့၊မန္တလာသီရိမိုးလုံလေလုံ အားကစားကွင်းတွင် ယနေ့ နံနက် ၉ နာရီ က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး ကျော်ကျော်မင်း က အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ် ဒုတိယဉက္ကဌ ဦးသန့်စင် က ပြိုင်ပွဲကျင်းပမှုနှင့် ပတ်သက်၍ရှင်းလင်းပြောကြားသည်။ 

ထို့နောက်  ကမ္ဘာ့ချန်ပီယံဆရာကြီး Mr. Takuya Taniyama ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။ ၎င်းနောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများဖြစ်သော လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်ဆိုင်းနှင့် တာဝန်ရှိသူများက အားကစားသမားများ အားလိုက်လံနှုတ်ဆက်ပြီး လက်ဆောင်ပစ္စည်းများပေးအပ်သည်။ ယင်းနောက် အားကစားသမားများက အားကစား သစ္စာဓိဌာန်ရွတ်ဆိုပြီး သရုပ်ပြအစီအစဉ်များဆောင်ရွက်သည်။ ယင်းနောက်ပြိုင်ပွဲများအား ဆက်လက်ကျင်းပသည်။

အဆိုပါ ပြိုင်ပွဲကို ဒီဇင်ဘာ ၂၁ ရက် မှ ၂၃ ရက်အထိ ကလပ်အသင်း(၂၅)သင်းမှ ပြိုင်ပွဲဝင် ကစားသမား (၃၈၂)ဦး တို့က ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပထမ၊ဒုတိယ၊တတိယဆုရရှိသူများ ဆုများပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်းသိရသည်။ဖွင့်ပွဲသို့ မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ကလပ်အသင်းများမှ တာဝန်ရှိသူများနှင့် အားကစားသမားများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

သန်းဇော်မင်း(ပြန်/ဆက်)


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/takuya-taniyama-cup-karate-championships-2019-%E1%80%96%E1%80%AD%E1%80%90%E1%80%BA%E1%80%81%E1%80%B1%E1%80%AB%E1%80%BA-%E1%80%80%E1%80%9B%E1%80%AC%E1%80%90%E1%80%B1%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%96%E1%80%BD%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95