spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မန္တလေးမြို့ 100 Plus Activ Mandalay City Run 2019 မာရသွန်အပြေးပြိုင်ပွဲ၌ အပြေးသမား ၄၀ဝ၀ ကျော် ပါဝင်ဆင်နွှဲ

မန္တလေးမြို့ 100 Plus Activ Mandalay City Run 2019 မာရသွန်အပြေးပြိုင်ပွဲ၌ အပြေးသမား ၄၀ဝ၀ ကျော် ပါဝင်ဆင်နွှဲ

မန္တလေး  ၂၂  ဒီဇင်ဘာ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီနှင့် တိုင်းဒေသကြီး ပြေးခုန်ပစ်အဖွဲ့ချုပ်တို့ ပူးပေါင်း၍ "ကျန်းမာပျော်ရွှင်ဆင်လို့နွှဲ မန်းတောင်ရိပ်က မာရသွန်ပွဲ" ဆောင်ပုဒ်ဖြင့် ဒုတိယအကြိမ် မာရသွန် အပြေးပြိုင်ပွဲ 100 Plus Activ Mandalay City Run 2019 ကို ယနေ့ နံနက် ၅ နာရီခွဲတွင် မန္တလေးမြို့ မြို့တော်စည်ပင်သာယာရေး ကော်မတီရုံးရှေ့ တာထွက်စုရပ်နေရာ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြိုင်ပွဲဝင် အပြေးသမားများက စုရပ်နေရာတွင် သွေးပူလေ့ကျင့်ခန်းများ စုပေါင်းပြုလုပ်ဆောင်ရွက်ကြပြီး နံနက် ၅ နာရီခွဲတွင် တာထွက်စုရပ်နေရာ၌ ၁၅ ကီလိုမီတာ အလွတ်တန်း အမျိုးသား အမျိုးသမီး အပြေးပြိုင်ပွဲကို မန္တလေးတိုင်း ဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေး၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် F&N myanmar ၏ Country Manager Mr.Freddy oh တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တာထွက်အလံမြောက်၍ တာလွှတ်ခဲ့ရာ အပြေးအားကစား မောင်မယ် ၁၅၀ဝ ကျော်တို့က စုရပ်မှ ၂၆ လမ်းအတိုင်း ကျုံးအနောက်ဘက်၊ ကျုံးမြောက်ဘက်လမ်းမှ ဂေါက်ကွင်းလမ်းအတိုင်း မန္တလေးတောင်ကိုပတ်ကာ ၆၂ လမ်းမှ သတ်မှတ်လမ်းကြောင်းအတိုင်း ၂၆ လမ်းရှိ တာလွှတ်စုရပ်သို့ ယှဉ်ပြိုင်ကြပြီး ပန်းဝင်ခဲ့ကြသည်။

ဆက်လက်၍ ၉ ကီလိုမီတာ အမျိုးသား အမျိုးသမီး ကျုံးတစ်ပတ်အပြေးပြိုင်ပွဲကို နံနက် ၆ နာရီတွင် ကျင်းပခဲ့ပြီး  ပြိုင်ပွဲဝင် ၂၄၀ဝ ကျော်တို့က သတ်မှတ်လမ်းကြောင်းအတိုင်း ကျုံးတစ်ပတ်ယှဉ်ပြိုင်ပြေးကာ တာထွက်စုရပ်နေရာသို့ ပန်းဝင်ခဲ့ရာ တာဝန်ရှိသူတို့က ဆုဆွဲပြားများ၊ 100 Pluss အချိုရည်ဘူးများ၊ ရေသန့်ဘူးများဖြင့် ကြိုဆိုခဲ့ကြသည်။

ဆုချီးမြှင့်ပွဲ၌ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေးက ၁၅ ကီလိုမီတာပြိုင်ပွဲ အမျိုးသားတွင် ပထမဆု ဇာနည်ထွန်း၊ ဒုတိယဆု Anogak ၊ တတိယဆု စန်းနိုင်၊ စတုထ္ထဆု ဝင်းနိုင်ထွန်းနှင့် ပဉ္စမဆု ပန်းလေတို့ကို လည်းကောင်း၊ ၁၅ ကီလိုတန်း အမျိုးသမီးပြိုင်ပွဲတွင် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းက ပထမဆု အေးအေးသန်း၊ ဒုတိယဆု ခင်မာဆယ်၊ တတိယဆု ငါးမယ်၊ စတုထ္ထဆု မြင့်မြင့်အေးနှင့် ပဉ္စမဆု Aregay တို့ကိုလည်းကောင်း၊ ဦးဆုံးပန်းဝင်သူ အမျိုးသား အမျိုးသမီး ၅ ဦးအတွက် ပထမဆု ငွေကျပ် ၁၀ သိန်း၊ ဒုတိယဆု ငွေကျပ် ၈ သိန်း၊ တတိယဆု ငွေကျပ် ၅ သိန်း၊ စတုထ္ထနှင့် ပဉ္စမဆုငွေကျပ် တစ်သိန်းစီတို့ကို ပေးအပ်ခဲ့သည်။

ထို့နောက် ၉ ကီလိုမီတာ အပြေးပြိုင်ပွဲ အမျိုသားတွင် ပထမဆု သန်းထွန်းအောင်၊ ဒုတိယဆု သန်းစိုး၊ တတိယဆု ကျော်ငွေသန်း၊ စတုထ္ထဆု သဲမောင်မောင်နှင့် ပဉ္စမဆု ကျော်သီဟ တို့ကလည်းကောင်း၊ အမျိုးသမီး ၉ မီတာပြိုင်ပွဲတွင် ပထမဆု အေးအိအိဟန်၊ ဒုတိယဆု သီရိစိုး၊ တတိယဆု မဖြိုး၊ စတုထ္ထဆု မြတ်နိုးမန်းနှင့် ပဉ္စမဆု Carolire တို့ကလည်းကောင်း၊ ဦးဆုံး ပန်းဝင်သူများဖြစ်သော အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၅ ဦးစီအတွက် ပထမဆု ငွေကျပ် ၅ သိန်း၊ ဒုတိယဆု ငွေကျပ် ၃ သိန်း၊ တတိယဆု ငွေကျပ် ၂ သိန်းနှင့် စတုထ္ထနှင့် ပဉ္စမဆု ငွေကျပ် ၁ သိန်းစီတို့ကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

တင်မောင်(မန်းကိုယ်ပွား)


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%94%E1%80%B9%E1%80%90%E1%80%9C%E1%80%B1%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7-100-plus-activ-mandalay-city-run-2019-%E1%80%99%E1%80%AC%E1%80%9B%E1%80%9E%E1%80%BD%E1%80%94%E1%80%BA%E1%80%A1%E1%80%95%E1%80%BC%E1%80%B1%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%81%8C-%E1%80%A1%E1%80%95%E1%80%BC%E1%80%B1%E1%80%B8%E1%80%9E%E1%80%99%E1%80%AC%E1%80%B8-%E1%81%84%E1%81%80%E1%80%9D%E1%81%80