နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ဒီဇင်ဘာလ (၂၀)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည်ယနေ့၊နံနက်ပိုင်းတွင်ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ (၃၀) ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့သည့်မြန်မာ အားကစားအဖွဲ့များမှ အုပ်ချုပ်မှုအဖွဲ့၊အုပ်ချုပ်/နည်းပြ၊ဒိုင်/ဂျူရီနှင့်အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊အားကစားနှင့်ကာယပညာဦးစီးဌာနမှဝန်ထမ်းများအားမြန်မာ့အားကစားပိုမိုတိုးတက်အောင်မြင်စေရေးအတွက်အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင် မြန်မာ့အားကစား ပိုမိုတိုးတက်အောင်မြင်မှုများရရှိရေးအတွက် သမားရိုးကျရှေးရိုးဆွဲပုံစံများဖြင့်ဆောင်ရွက်၍မရဘဲဆန်းသစ်သော၊သမားရိုးကျမှဖောက်ထွက်သောအတွေးအမြင်များဖြင့်ပြတ်သားစွာဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အားကစားအောင်မြင်မှုများရရှိရန်မှရေတိုဆောင်ရွက်၍မရွက်ဘဲကာလလယ်နှင့်ရေရှည်စီမံကိန်းများချမှတ်ကာဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနရှိအားကစားနှင့်ကာယပညာသိပ္ပံ (၆)ကျောင်း၏အခန်းကဏ္ဍသည်အရေးကြီးပါကြောင်း၊ ကျောင်း(၆)ကျောင်းတွင် သင်တန်းသား စတင်စိစစ်ရွေးချယ်ရာတွင်အမှန်တကယ်အားကစားစိတ်ဓာတ်ပြည့်ဝသော၊ ကျန်းမာသန်စွမ်းသော၊ အားကစားနည်းအလိုက်သတ်မှတ်ချက်များပြည့်မီသော၊ ထူးချွန်ရန်အလားအလာရှိသောလူငယ်များကိုစနစ်တကျရွေးချယ်ရမည်ဖြစ်ပါကြောင်း၊ သင်ကြားသင်ယူမှုနှင့်လေ့ကျင့်မှုများဆောင်ရွက်ရာတွင်လည်းခေတ်မီသိပ္ပံနည်းကျနည်းစနစ်များဖြင့်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လက်ရှိတွင်ကျောင်း (၆)ကျောင်းရှိအားကစားသမားများအနေဖြင့်အားကစားလေ့ကျင့်မှုအပြင်စာပေပညာကိုပါသင်ကြားရသဖြင့်အားကစားလေ့ကျင့်မှုကိုအချိန်ပြည့်၊ အင်ပြည့်၊ အားပြည့်ဆောင်ရွက်နိုင်မှုမရှိပါကြောင်း၊ အားကစားလေ့ကျင့်မှုများကိုသာပိုမိုအားစိုက်ဆောင်ရွက်နိုင်ရန်အတွက်စာပေပညာသင်ကြားမှုများကိုလျှော့ချနိုင်ရေးဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းတိုင်းတွင်အားကစားနည်းအားလုံးကိုစုပြုံသင်ကြားခြင်းမပြုလုပ်တော့ဘဲ ကျောင်းအလိုက်သင်ကြားလေ့ကျင့်ပေးမည့်အားကစားနည်းများ ခွဲခြားသတ်မှတ်ကာ နည်းပြနှင့်အားကစားလေ့ကျင့်မှုပစ္စည်းများထောက်ပံ့ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အားကစားသင်ကြားလေ့ကျင့်မှုများကိုသိပ္ပံနည်းကျဆောင်ရွက်နိုင်ရန်အတွက်မွေးထုတ်လေ့ကျင့်ထားသည့်အားကစားသိပ္ပံဘွဲ့ (B.Sc (sports))ရရှိသူများကိုကျောင်း (၆)ကျောင်းတွင်ခန့်အပ်တာဝန်ပေးခြင်း၊ နိုင်ငံတကာမှနည်းပြများကိုဌားရမ်းခန့်ထားခြင်းများကိုပိုမိုဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာတွင်အားကစားကဏ္ဍတိုးတက်ဖွံ့ဖြိုးမှုအတွက်ဆောင်ရွက်နေမှုများ၊ နည်းပညာနှင့်နည်းစနစ်များစသည်တို့ကိုလေ့လာနိုင်ရန်အတွက် အင်တာနက်ကွန်ရက်အသုံးပြုသတင်းအချက်အလက်ရှာဖွေရေးအဖွဲ့ကိုလည်း အားကစားနှင့်ကာယပညာဦးစီးဌာနတွင်အမြန်ဆုံးဖွဲ့စည်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ဗဟိုအဆင့်တာဝန်ရှိသူများအနေဖြင့်ကျောင်း (၆)ကျောင်းသို့(၂)လလျှင်တစ်ကြိမ်ခန့် ကွင်းဆင်းသွားရောက်ကာသင်ကြားလေ့ကျင့်နေမှုများ၊ စီမံခန့်ခွဲမှုများ၊ အားကစားသမားများ၏ကျန်းမာရေးနှင့်အာဟာရပြည့်ဝမှုအခြေအနေများ၊ တိုးတက်အောင်မြင်မှုများစသည်တို့ကိုကြည့်ရှုဆန်းစစ်ကာပံ့ပိုးအားဖြည့်မှုပေးခြင်းနှင့်အကြံပြုခြင်းတို့ကိုဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အားကစားသမားများ၏ အားကစားစွမ်းဆောင်မှုစံချိန်မှတ်တမ်းများကိုလည်း ကွန်ပျူတာအသုံးပြုစနစ်တကျပြုစုထားရှိပြီး တိုးတက်မှုအခြေအနေများကိုအမြဲမပြတ်စောင့်ကြည့်အကဲခတ်ရမည်ဖြစ်ပါကြောင်း၊ အားကစားသမားများ၏အာဟာရပြည့်ဝမှုဆိုင်ရာကိစ္စရပ်များကို ပြည်သူ့ကျန်းမာရေး၊ ကုသရေးနှင့်အားကစားကဏ္ဍမှပညာရှင်များပါဝင်သောအဖွဲ့ဖွဲ့ကာ ပုံမှန်စစ်ဆေးမှုမျများပြုလုပ်သွားရမည်ဖြစ်ပါကြောင်း၊အားကစားအောင်မြင်မှုများအတွက်ကိုယ်ကာယပိုင်းသာမကစိတ်ပိုင်းဆိုင်ရာကြံ့ခိုင်အားကောင်းမှုသည်လည်းအရေးကြီးသဖြင့်ကျောင်း (၆)ကျောင်းတွင် စိတ်ပိုင်းဆိုင်ရာအားပေးမြှင့်တင်မှုများကိုလည်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊အားကစားသမားများစည်းကမ်းကောင်းမွန်မှုသည်အရေးကြီးပြီးဆေးလိပ်သောက်သုံးခြင်း၊အရက်သေစာသောက်သုံးခြင်းများရှိပါကကျောင်းမှနှုတ်ပယ်သည်အထိအရေးယူဆောင်ရွက်ရမည်ဖြစ်ပါကြေကြောင်း၊ ကျောင်း (၆)ကျောင်းမှကျောင်းအုပ်ကြီးများအနေဖြင့်လည်း မြန်မာ့အားကစားပိုမို တိုးတက်အောင်မြင်ရေးအတွက်ရည်မှန်းချက်နှင့် သန္နိဋ္ဌာန်ချမှတ်ပြီး ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများအချင်းချင်းလက်ရွေးစင်အားကစားသမားမွေးထုတ်ပေးနိုင်မှု၊ နိုင်ငံတကာဆုတံဆိပ်များရယူပေးနိုင်မှုစသည်တို့ကို ကောင်းမွန်သေသောယှဉ်ပြိုင်မှု (healthy competition) ပြုလုပ်ကြစေလိုပါကြောင်း၊ အလားအလာရှိသည့် လူငယ်မျိုးဆက်သစ် အားကစားသမားများကိုထောက်လှမ်းရှာဖွေခြင်း (talent scouting) ကိုလည်းလုပ်ဆောင်ကြရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ကျောင်းပေါင်းစုံနှင့် တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲများကိုလည်းပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်းလက်တွဲကာဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး” ခေါင်းစဉ်ဖြင့်ပြည်သူများကိုယ်လက်လှုပ်ရှားအားကစား လေ့ကျင့်ကာကျန်းမာရေးအဆင့်အတန်းမြင့်မားရေးနှင့် အားကစားလေ့ကျင့်ရာမှထူးချွန်ထက်မြက်သောအားကစားသမားများပေါ်ထွန်းလာရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ အားကစားအောင်မြင်မှုများအတွက်အားကစားအဖွဲ့ချုပ်များ၏အခန်းကဏ္ဍသည်အလွန်အရေးကြီးပြီး အားကစားအဖွဲ့ချုပ်များအနေဖြင့်လည်း ဝန်ကြီးဌာနထံသို့အကြံပြုချက်များပေးအပ်စေလိုပါကြောင်း၊ လုပ်ငန်းများကိုဆောင်ရွက်ရာတွင် လုပ်ငန်းများထပ်နေခြင်းနှင့်လစ်ဟင်းခြင်းများမရှိစေရန် တာဝန်များစနစ်တကျခွဲဝေသတ်မှတ်၍ တာဝန်ပေးရန်မှာအရေးကြီးပါကြကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အားကစားကဏ္ဍပိုမိုတိုးတက်အောင်မြင်စေရေးအတွက် ဆက်လက်ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ပြီး အားလုံးစုစည်းလက်တွဲ၍ဝိုင်းဝန်းဆောင်ရွက်သွားရမည်ဖြစ်ပါကကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ ပြိုင်ပွဲဆိုင်ရာကိစ္စရပ်များအားရှင်းလင်းတင်ပြရာ (၃၀)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံတွင် နိုဝင်ဘာလ(၃၀)ရက်နေ့မှ ဒီဇင်ဘာလ(၁၀)ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၊ Clark၊ Subic၊ Southern မြို့များတွင် အားကစားနည်း(၅၆)နည်းကျင်းပခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း(၃၁)နည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အုပ်ချုပ်မှုအဖွဲ့၊ အုပ်ချုပ်/နည်းပြ၊ ဒိုင်ဂျူရီနှင့် အားကစားသမား စုစုပေါင်း(၅၄၆)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေ(၄)ခု၊ ငွေ(၁၈)ခု၊ ကြေး(၅၁)ခုဖြင့် စုစုပေါင်း ဆုတံဆိပ်(၇၃)ခု၊ ပြိုင်ပွဲကျင်းပရေးကော်မတီ၏ အားနည်းချက်များ၊ အားကစားသမားများ၏ နိုင်ငံတကာ အားကစားပြိုင်ပွဲ အတွေ့အကြုံအားနည်းမှု နည်းစနစ်များ ကွာဟမှုရှိသည့်အတွက်ကြောင့် မျှော်မှန်းသလောက် အောင်မြင်မှုမရရှိခဲ့ပါကြောင်း၊ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပပြုလုပ်မည်ဖြစ်သဖြင့် ယခုအချိန်မှစတင်၍ ကောင်းမွန်ထိရောက်သော လေ့ကျင့်မှုအစီအစဉ်များ ပြုလုပ်ရမည်ဖြစ်ပါကြောင်း၊ အားကစားသမားများစခန်းသွင်းလေ့ကျင့်နေစဉ်အတွင်း ဘဝနောင်ရေးနှင့် မိသားစုဝင်များ ရေရှည်ရပ်တည်နိုင်ရေးအတွက် စားစရိတ်နှင့်ထောက်ပံ့ကြေးများကို ယခုလက်ရှိတိုးမြှင့်ထားသည့်နှုန်းထားထက်ထပ်မံ၍ပိုမိုတိုးမြင့် ဆောင်ရွက်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်သင့်ပါကြောင်း၊ နည်းပြများအနေဖြင့် အရည်အချင်းပြည့်ဝစွာသင်ကြားပေးနိုင်သော ပြည်တွင်းနည်းပြများနှင့် နိုင်ငံတကာအဆင့်မီ သင်ကြားပြသပေးနိုင်သော နိုင်ငံခြားသားနည်းပြများမှ လေ့ကျင့်သင်ကြားပေးရန် လိုအပ်ပါကြောင်း၊ စခန်းသွင်းလေ့ကျင့်နေသောနေရာများတွင် ပိုမိုထိရောက်စွာ ကွပ်ကဲကြပ်မတ်နိုင်ရေးအတွက် ရန်ကုန်နှင့် နေပြည်တော်တို့တွင် အလှည့်ကျသတ်မှတ်လေ့ကျင့်နိုင်ရန် ညှိနှိုင်းဆောင်ရွက်သင့်ပါကြောင်း၊ အားကစားအဖွဲ့ချုပ်များအနေဖြင့် အားသာချက်များကို ဆက်လက်ထိန်းသိမ်းပြီး အားနည်းချက်များကို အချိန်မီပြုပြင် ဆောင်ရွက်သွားကြစေလိုကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်မှ ဖြည့်စွက်ဆွေးနွေးတင်ပြရာတွင် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသည် (၂)နှစ်တစ်ကြိမ်ကျင်းပပြုလုပ်သည့် အာဆီယံဒေသအတွင်း အမြင့်ဆုံးအားကစားပြိုင်ပွဲတစ်ခု ဖြစ်ပါကြောင်း၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှသည် အာရှအားကစားပြိုင်ပွဲ၊ အိုလံပစ်အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြရမည်ဖြစ်ပါကြောင်း၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုများရရှိရန်အတွက် အားကစားနှင့်ကာယပညာ(သိပ္ပံ)ကျောင်း(၆)ကျောင်းရှိ လူရွေးချယ်ရေး၊ စားသောက်ရေး၊ လေ့ကျင့်ရေးတို့ကို စနစ်တကျအသစ်ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပါဝင်ယှဉ်ပြိုင်သောအားကစားနည်းများကို ရွေးချယ်သောအခါတွင် အဖွဲ့ချုပ်များနှင့် အကြိမ်ပေါင်းများစွာ တိုင်ပင်ရွေးချယ်စေလွှတ်ခဲ့ပါကြောင်း၊ အားကစားတိုးတက်အောင်မြင်အောင်လုပ်ဆောင်ရာတွင် Sports Science Training များဖြင့် ပြုလုပ်ရန်လိုအပ်ပါကြောင်း၊ အဖွဲ့ချုပ်များအနေဖြင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် လူရွေးချယ်ရာ၌ စနစ်တကျစီစဉ်ပေးစေလိုကြောင်း၊ အောင်မြင်မှုရရှိခဲ့သော အားကစားသမားများကိုလည်း ထိုက်တန်စွာဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ပါကြောင်း၊ ကျောင်းသားအားကစားပွဲတော်အား (၂၄.၁၂.၂၀၁၉)ရက်နေ့မှ (၂.၁.၂၀၂၀)ရက်နေ့အထိ အားကစားနည်း(၄)မျိုးဖြင့် နေပြည်တော်တွင် ကျင်းပမည်ဖြစ်ပါကြောင်း၊ အားကစားကော်မတီအား မကြာမီပြန်လည်၍ ဖွဲ့စည်းသွားမည်ဖြစ်ပါကြောင်း၊ အားကစားအဖွဲ့ချုပ်များအနေဖြင့်လည်းအဖွဲ့ချုပ်အတွင်းစည်းလုံးညီညွတ်မှု၊ဝန်ကြီးဌာနနှင့်ပူးပေါင်းဆောင်ရွက်မှုတို့အားကောင်းစွာဖြင့်ဆောင်ရွက်သွားစေလိုပါကြောင်း၊ အားကစားဖွံ့ဖြိုးရေးအတွက်ရေရှည်ဦးတည်ချက်လမ်းကြောင်းချမှတ်ပြီး (master plan) ရေးဆွဲကာ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်းဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားရာတွင် မြန်မာ့အားကစားပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက်ပြိုင်ပွဲများတွင်ပါဝင်ယှဉ်ပြိုင်ခဲ့သည့်အားကစားသမားများနှင့်နည်းပပြများထံမှအမြင်နှင့်အကြံပြုချက်များသည်အရေးကြီးပါကြောင်း၊ယခုပါဝင်ယှဉ်ပြိုင်ခဲ့သည့် အ တွေအကြုံများကိုအခြေခံကာပိုမိုတိုးတက် ကောင်းမွန်စေရေးအတွက်ဆန်းစစ်သုံးသပ်ဆွေးနွေးပွဲ (after action review) ကိုပြုလုပ်ဆောင်ရွက်သွားစေလိုပါကြောင်း၊ (၃၀)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်အောင်မြင်မှုဆုတံဆိပ်များရယူခဲ့သည့်အားကစားသမားများနှင့်အားကစားအဖွဲ့များကိုလည်းဂုဏ်ပြုပါကြောင်းပြောကြားခဲ့ပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဉက္ကဋ္ဌများ၊ ပြိုင်ပွဲသို့သွားရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာအားကစားအဖွဲ့များမှ အားကစားသမားများ၊ အုပ်ချုပ်မှုအဖွဲ့၊ အုပ်ချုပ်/နည်းပြ၊ ဒိုင်ဂျူရီနှင့် အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။