spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ Myanmar Fitness Dance(EIM) ပြိုင်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ Myanmar Fitness Dance(EIM) ပြိုင်ပွဲကျင်းပ

ပဲခူး၊ ဒီဇင်ဘာလ(၂၃)ရက်။

ပဲခူးတိုင်းဒေသကြီးအတွင်း လုထုအားကစားလှုပ်ရှားမှုများကို မြှင့်တင်ဆောင်ရွက်ပေးခြင်းဖြင့် ကျန်းမာကြံ့ခိုင်သော ပြည်သူလူထုများဖြစ်လာစေရန် ဒီဇင်ဘာလ(၂၂)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမ၌ လုထုအားကစားလှုပ်ရှားမှု Exercise is Medicine ဆောင်ရွက်မှုအစီအစဉ်အရ ၂၀၁၉ခုနှစ် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ Myanmar Fitness Dance(EIM) ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုယ်စား ကရင်တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွာ်စေးမှ ယနေ့ခေတ်အချိန်အခါသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ညီလာခံမှ Exercise is Medicine အစီအစဉ်ဖြင့် မူဝါဒချမှတ်လမ်းညွှန် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှဦးဆောင်၍ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ပြည်သူများကျန်းမာသန်စွမ်းပြီး ရောဂါဘယကင်းဝေးစေရန် လူတန်းစားမရွေး ကိုယ်လက်လှုပ်ရှားမှုများကို ရသည့်အချိန်တွင် မဖြစ်မနေဆောင်ရွက်ရန် လမ်းညွှန်ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီးအနေဖြင့်လည်း ပြည်သူလူထုတစ်ရပ်လုံး ကျန်းမာကြံ့ခိုင်လာစေရန် ရည်မှန်းချက်ချမှတ်ကာ ကိုယ်လက်လှုပ်ရှားအားကစား Myanmar Fitness Dance များကို ဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများကို အလွှာပေါင်းစုံမှ လူများပိုမိုပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန် လိုအပ်သလို အခြေခံကျောင်းများမှ ဆရာ/မများအနေဖြင့်လည်း ကျောင်းသား/သူများနှင့်အတူ နေ့စဉ် ပုံမှန်ကျောင်းဆင်းချိန်တွင် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ အတူတကွ ပါဝင်ဆောင်ရွက်ခြင်းအားဖြင့် ကျန်းမာကြံ့ခိုင်သော လူငယ်မျိုးဆက်သစ်များကို ထူထောင်ပေးနိုင်မည်ဖြစ်ကြောင်း အဖွင့်မိန့်ခွန်းပြောကြားသည်။

ထို့နောက် ပြိုင်ပွဲဝင်အသင်းများရှိ အားကစားသမားများမှ အားကစားသစ္စာဓိဌာန်ရွတ်ဆိုကြပြီး ကရင်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးက အားကစားသမားများအား လိုက်လံနှုတ်ဆက်ကာ ပြိုင်ပွဲအသင်းများ ယှဉ်ပြိုင်နေမှုကိုကြည့်ရှုအားပေးခဲ့ကြသည်။

 

၂၀၁၈ခုနှစ်နှင့် ၂၀၁၉ခုနှစ်အတွင်း Exercise is Medicine အား အတက်ကြွဆုံးလှုပ်ရှားဆောင်ရွက်ခဲ့သည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ပဲခူးတိုင်းဒေသကြီးသည် ဒုတိယရရှိပြီး မကွေးတိုင်းဒေသကြီးက ပထမရရှိကာ ဧရာဝတီတိုင်းဒေသကြီးက တတိယရရှိသည်။ မြို့နယ်အဆင့်တွင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် သာယာဝတီ၊ လက်ပံတန်းနှင့် ဖြူးမြို့နယ်များက နှစ်သိမ့်ဆုများ ရရှိကြကြောင်းသိရသည်။

Myanmar Fitness Dance ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများကို အသက်အရွယ် ကြီးငယ်မရွေး၊ ကျားမ မရွေး၊ မည်သူမဆိုလွတ်လပ်ပေါ့ပါးစွာ လေ့ကျင့်နိုင်သော လေ့ကျင့်ခန်းများဖြစ်ပြီး နေ့စဉ်ပုံမှန်နာရီဝက်ခန့် လှုပ်ရှားစေခြင်းဖြင့် နေထိုင်သွားလာရာတွင်ပေါ့ပါးခြင်း၊ အစားအသောက်ပိုမိုကောင်းမွန်လာစေပြီး နှစ်ခြိုက်စွာအိပ်ပျော်လာခြင်း၊ စိတ်ဖိစီးမှုများလျော့ပါးလာခြင်းများ ခံစားလာရမည်ဖြစ်သည့်အပြင် ဆေးသောက်၍ကုသခြင်းထက် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခြင်းဖြင့် ရောဂါများကိုကာကွယ်ပြီးဖြစ်ရာ ပိုမိုကောင်းမွန်သော အကျိုးတရားများ ရရှိလာမည်ဖြစ်သဖြင့် ဆောင်ရွက်ပေးသင့်ကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲအား ၂၀၁၉ခုနှစ် လူထုအားကစားလှုပ်ရှားမှု Exercise is Medicine ဆောင်ရွက်မှုအစီအစဉ်အရ တိုင်းဒေသကြီးအတွင်း လုထုအားကစားလှုပ်ရှားမှုများကို မြှင့်တင်ဆောင်ရွက်ပေးခြင်းဖြင့် ကျန်းမာကြံ့ခိုင်သော ပြည်သူလူထုများဖြစ်လာစေရန်၊ မြို့နယ် အသီးသီးမှဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူလူထုများနှင့် ကျောင်းသား/သူများ အချင်းချင်းသွေးစည်းညီညွတ်မှုဖြင့် ပဲခူးတိုင်းဒေသကြီး၏ စိတ်ဓာတ်ကိုဖော်ဆောင်နိုင်စေရန်ရည်ရွယ်၍ ဒီဇင်ဘာလ(၂၂)ရက်နေ့မှ (၂၃)ရက်နေ့အထိ အသက်(၃၆)နှစ်မှ (၆၀)နှစ်အထိ အကြီးတန်းပြိုင်ပွဲနှင့် အသက်(၁၄)နှစ်မှ(၃၅)နှစ်အထိ အငယ်တန်းပြိုင်ပွဲဟူ၍ ပြိုင်ပွဲ(၂)ရပ်ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

အသက်(၃၆)နှစ်မှ(၆၀)နှစ်အထိ အကြီးတန်းပြိုင်ပွဲတွင် ဖြူး၊ နတ်တလင်း၊ တောင်ငူ၊ ညောင်လေးပင်၊ သနပ်ပင်၊ ပဲခူး၊ အုတ်ဖို၊ ဇီးကုန်း၊ အုတ်တွင်း၊ ပေါင်းတည်၊ မင်းလှ၊ ပန်းတောင်း၊ ရွှေတောင်၊ ကြို့ပင်ကောက်၊ ရွှေကျင်၊ ကျောက်တံခါး စသည့်မြို့နယ် (၁၆)မြို့နယ်မှ ပြိုင်ပွဲဝင်အသင်း(၁၆)သင်းပါဝင်ပြီး အသက်(၁၄)နှစ်မှ(၃၅)နှစ်အထိ အငယ်တန်းပြိုင်ပွဲတွင် ကျောက်တံခါး၊ ကျောက်ကြီး၊ မင်းလှ၊ သဲကုန်း၊ ရွှေကျင်၊ ဇီးကုန်း၊ ရေတာရှည်၊ ဝေါ၊ ပေါက်ခေါင်း၊ ညောင်လေးပင်၊ တောင်ငူ၊ ပဲခူး၊ ထန်းတပင်၊ အုတ်ဖို၊ လက်ပံတန်း၊ အုတ်တွင်း၊ ကဝ၊ မိုးညို၊ ကြို့ပင်ကောက်၊ သာယာဝတီ၊ ဒိုက်ဦး စသည့်မြို့နယ်(၂၁)မြို့နယ်မှ ပြိုင်ပွဲဝင်အသင်း(၂၁)သင်းပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%95%E1%80%B2%E1%80%81%E1%80%B0%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%E1%80%96%E1%80%9C%E1%80%AC%E1%80%B8-%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%B6-myanmar-fitness-danceeim