spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်အားကစားနှင့်ကာယပညာသိပ္ပံကျောင်းသို့ရှောင်တခင်သွားရောက်ပြီး အားကစားလေ့ကျင့်နေမှု များကို လေ့လာကြည့်ရှု၍ လမ်းညွှန်အမှာစကားပြောကြား

ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်အားကစားနှင့်ကာယပညာသိပ္ပံကျောင်းသို့ရှောင်တခင်သွားရောက်ပြီး အားကစားလေ့ကျင့်နေမှု များကို လေ့လာကြည့်ရှု၍ လမ်းညွှန်အမှာစကားပြောကြား

ရန်ကုန်မြို့။       ။ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် (၂၃-၁၂-၂၀၁၉) ရက်နေ့တွင် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း (ရန်ကုန်) သို့သွားရောက် ၍ အားကစားနှင့်ကာယပညာသိပ္ပံကျောင်း ကျောင်းသား/ ကျောင်းသူများ၏ ရေကူး၊ လက်ဝှေ့၊ ပြေးခုန်ပစ်၊ ကရာတေး စသည့် အားကစားနည်းများ လေ့ကျင့်နေမှုများကို ရှောင်တခင် လှည့်လည်ကြည့်ရှုကာ လမ်းညွှန်စကားပြောကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။

 

 

ပြည်ထောင်စုဝန်ကြီးမှ လမ်းညွှန်စကားပြောကြားရာ၌ -

  • သက်ဆိုင်ရာအားကစားနည်းများ ဖွံ့ဖြိုးတိုးတက်ရေးတွင် အားကစားသမားများ၊ နည်းပြများနှင့်အုပ်ချုပ်ထောက်ပံ့သူများ၏ အရည်အချင်းနှင့်စွမ်းဆောင်ရည်များပေါ်တွင် များစွာ မူတည်နေပါကြောင်း၊
  • ထူးချွန်သော နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွန်းလာရေးတွင် အားကစား နှင့်ကာယပညာသိပ္ပံကျောင်း (၆)ကျောင်း၏ အခန်းကဏ္ဍမှာ အရေးကြီးဆုံးဖြစ်ပါကြောင်း၊
  • နည်းပြများအနေဖြင့် အားကစားသမားများကို သိပ္ပံနည်းကျ လေ့ကျင့်ပေးရန်လိုအပ်ပြီး အားကစားဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံများတွင် ကျင့်သုံးနေသော နောက်ဆုံးပေါ် နည်းစနစ်များကိုလည်း  အမြဲလေ့လာရန် လိုအပ်ပါကြောင်း၊
  • အားကစားသမားတစ်ဦးချင်းစီ၏ ကျန်းမာကြံ့ခိုင်မှုအခြေအနေ၊ လေ့ကျင့်မှုအခြေအနေ၊ စွမ်းဆောင်ရည်တိုးတက်မှုနှင့် စံချိန်တို့ကို တစ်နှစ်ပတ်လုံး စောင့်ကြပ်ကြည့်ရှုကာ ကွန်ပျူတာဖြင့် စနစ်တကျမှတ်တမ်းတင်ထားရန် အရေးကြီးပါကြောင်း၊
  • အားကစားသမား တစ်ဦးချင်းစီ၏ စံချိန်များကို အရှေ့တောင်အာရှ စံချိန်၊ အာရှစံချိန်နှင့် ကမ္ဘာ့စံချိန်များနှင့်နှိုင်းယှဉ် လေ့လာရန်လိုအပ်ပါကြောင်း၊
  • အားကစားပါရမီမြင့်မားသည့် ထူးချွန်အားကစားသမားများကို သီးသန့်လေ့ကျင့် သင်ကြားမှုများဖြင့် လေ့ကျင့်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊
  • အားကစားအမျိုးအစားအလိုက် လိုအပ်သည့် အာဟာရ ဖွံ့ဖြိုးပြည့်ဝမှုရှိစေရေး အတွက် အားကစားသမားများကို အစားအစာများ စနစ်တကျကျွေးမွေးရမည်ဖြစ်ပြီး ဗီတာမင်နှင့် သတ္တုဓာတ်များ ပြည့်ဝစေရေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနမှ အားကစားသမားများ အာဟာရဖွံ့ဖြိုးမှုရှိစေရေး ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
  • အားကစားသမားအနေဖြင့်လည်း ထူးချွန်အောင်မြင်ရမည်ဟူသော ရည်မှန်းချက် ချမှတ် ကာ စိတ်ဓာတ်ခိုင်မာစွာ၊ ဇွဲလုံလ ပြည့်ဝစွာဖြင့် ကြိုးစားကြစေလိုပါကြောင်း
  • တစ်နိုင်ငံလုံးရှိ အားကစားနှင့်ကာယပညာသိပ္ပံကျောင်း (၆)ကျောင်း၏ သင်တန်းသား ရွေးချယ်ပုံနည်းလမ်းနှင့် စံသတ်မှတ်ချက်များ၊ သင်ကြားပုံနည်းစနစ်များ၊ ကျောင်း အလိုက် အထူးပြုသင်ကြားမည့် အားကစားနည်းများ သတ်မှတ်ရေး၊ အားကစားကိုသာ အဓိက လေ့ကျင့်သင်ကြားပေးပြီး အားကစားနှင့်မသက်ဆိုင်သော အခြားဘာသာရပ် စာများကို တတ်နိုင်သမျှလျှော့ချရေး၊ နည်းပြများ၏ အရည်အချင်းမြှင့်တင်ရေး၊ ထူးချွန် မည့် အလားအလာရှိသော လူငယ်အားကစားသမားကို ထောက်လှမ်းရှာဖွေခြင်း အပါ အဝင် ထူးချွန်သောအားကစားသမားများ လေ့ကျင့်မွေးမြူနိုင်ရေးအတွက် ကျောင်း အုပ်ကြီးများ၊ ဒုတိယကျောင်းအုပ်ကြီးများ၊ နည်းပြများနှင့် အားကစားသမားများပါဝင် သော ဆွေးနွေးနှီးနှောဖလှယ်ပွဲကြီးတစ်ခုကို အမြန်ဆုံးခေါ်ယူကျင်းပသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထိုသို့ ရှောင်တခင်လှည့်လည်ကြည့်ရှုရာ၌ ပြည်ထောင်စုဝန်ကြီးအား အားကစားနှင့်ကာယပညာကျောင်း၊ ကျောင်းအုပ်ကြီးဦးစိုးအောင်၊ ဒုတိယကျောင်းအုပ်ကြီးနှင့် နည်းပြများက လေ့ကျင့် သင်ကြားနေမှုများကို ရှင်းလင်းတင်ပြခဲ့ပါသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%91%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%85%E1%80%AF%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%9E%E1%80%8A%E1%80%BA-%E1%80%9B%E1%80%94%E1%80%BA%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA%E1%80%80%E1%80%AC%E1%80%9A%E1%80%95%E1%80%8A%E1%80%AC%E1%80%9E%E1%80%AD%E1%80%95%E1%80%B9%E1%80%95%E1%80%B6%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%AD%E1%80%AF%E1%80%B7%E1%80%9B%E1%80%BE%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%90%E1%80%81%E1%80%84%E1%80%BA%E1%80%9E%E1%80%BD%E1%80%AC%E1%80%B8%E1%80%9B%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%95%E1%80%BC%E1%80%AE%E1%80%B8