မလှိုင် ၁ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ်တွင် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစား ပြိုင်ပွဲများတွင် အားကစားနည်း (၁၈)မျိုး ထည့်သွင်းကျင်းပမည် ဖြစ်ကြောင်း မလှိုင်မြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ သိရသည်။
“(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲ (၁၈)မျိုး ထည့်သွင်းကျင်းပမှာ ဖြစ်ပါတယ်။ လွှတ်တော်ကနေ ကျွန်တော်တို့ကို ငွေကျပ် သိန်း (၂၀) ထောက်ပံ့ပါတယ်။ ကျွန်တော်တို့ ဒီနေ့မှာ ပိုက်ကျော်ခြင်း/ ဘောလီဘောနဲ့ ကြက်တောင်အားကစားတွေကို ကျင်းပမှာ ဖြစ်ပါတယ်။ ပြေးခုန်ပစ်/ ခေါင်းအုန်းရိုက် ပြိုင်ပွဲနဲ့ ကလေးတွေ ပျော်ပွဲရွှင်ပွဲအနေနဲ့ မုန့်စားပြိုင်ပွဲ အစရှိတဲ့ အားကစားတွေကို ဇန်နဝါရီ ၃ ရက်မှာ ကျင်းပမှာဖြစ်ပြီး အားကစားအားလုံး ဆုပေးပွဲတွေကို ဇန်နဝါရီ ၄ ရက်မှာ ကျင်းပမှာ ဖြစ်ပါတယ်"ဟု မလှိုင်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ဒုဦးစီးမှူး ဦးကျော်စိုးဝင်းမှ ပြောသည်။
“မြို့နယ်တိုင်းမှာ အားကစားပြိုင်ပွဲနဲ့ ဆုပေးပွဲတွေကျင်းပဖို့ တိုင်းအစိုးရကနေ တစ်မြို့နယ်ကို ငွေကျပ် သိန်း(၂၀)ရန်ပုံငွေ ခွဲဝေချထားပေးပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ မလှိုင်မြို့မှာရှိတဲ့ အားကစားဆပ်ကော်မတီ၊ အားကစားကော်မတီ၊ အားကစားနည်းအလိုက် ဆပ်ကော်မတီ အသီးသီးဖွဲ့စည်းထားပြီး ဖြစ်တဲ့အတွက် အဲဒီက ကော်မတီတွေနဲ့ အစည်းအဝေး ညှိနှိုင်းတိုင်ပင်ပြီး အားကစားနည်း (၁၈)မျိုး ကျင်းပဖို့ စီစဉ်ထားပါတယ်။ ရန်ပုံငွေကျပ် သိန်း(၂၀)နဲ့ ဆုကြေးငွေတွေကိုလည်း ထိုက်ထိုက်တန်တန်ရရှိအောင် အားလုံးညှိနှိုင်းတိုင်ပင် စီစဉ်ထားပြီး ဇန်နဝါရီ ၁ ရက်မှစတင်၍ ပြိုင်ပွဲများ ကျင်းပကာ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့မှာ (ဖိုင်နယ်) ဗိုလ်လုပွဲနဲ့ ဆုချီးမြှင့်ပွဲတွေ ချီးမြှင့်ပေးသွားမှာပါ"ဟု မလှိုင်မြို့နယ် မဲဆန္ဒနယ်မြေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှထွန်းအောင်က ပြောသည်။
မလှိုင်မြို့တွင် ယနေ့နံနက်ပိုင်း၌ ပိုက်ကျော်ခြင်းအားကစားနှင့် ဘော်လီဘော အားကစားတို့အား စတင်ယှဉ်ပြိုင်ကစားလျက်ရှိပြီး ကြက်တောင်အားကစား ပြိုင်ပွဲအား ယနေ့ညပိုင်း၌ စတင်ယှဉ်ပြိုင် ကစားမည်ဖြစ်ကာ စုစုပေါင်းအားကစားနည်း (၁၈)မျိုးလုံးအား ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၄ ရက် (လွတ်လပ်ရေးနေ့)တွင် ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဘိုဘို(မလှိုင်)