နေပြည်တော်၊ ဒီဇင်ဘာ (၃၀) ရက်။
၂၀၂၀ခုနှစ်၊ ဇန်န၀ါရီလ (၄)ရက်နေ့တွင် ကျရောက်သော(၇၂) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ၀န်ကြီးဌာနပေါင်းစုံအားကစားပြိုင်ပွဲများကို နေပြည်တော်ရှိ သတ်မှတ်အားကစားကွင်း/အားကစားရုံများတွင် ကျင်းပပြုလုပ်လျက်ရှိရာ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့ နံနက်(၇)နာရီခွဲအချိန်တွင် ပိုက်ကျော်ခြင်းလေ့ကျင့်ရေးရုံ TC-1 တွင် ကျင်းပပြုလုပ်ရာ ဆောက်လုပ်ရေး ၀န်ကြီးဌာနအသင်းနှင့် ကာကွယ်ရေး၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြပုံများကို လည်းကောင်း၊ ဖူဆယ်အားကစားရုံတွင် သမ္မတရုံး၀န်ကြီးဌာနအသင်းနှင့် ဆောက်လုပ်ရေး၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြပုံများကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများနှင့် တာ၀န်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။

ထို့နောက် ကျောင်းသားများ ကိုယ်ကာယကြံ့ခိုင်ပြီး ဉာဏ်ပညာမြင့်မားစေရေးနှင့် မြန်မာ့အားကစား ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်၍ (၂၄.၁၂.၂၀၁၉)ရက်နေ့မှ (၂.၁.၂၀၂၀) ရက်နေ့အထိ (၂၀၁၉-၂၀၂၀) အခြေခံပညာ ကျောင်းသားအားကစားပြိုင်ပွဲများကို နေပြည်တော်ရှိ သတ်မှတ်အားကစားကွင်း/အားကစားရုံများတွင် ကျင်းပပြုလုပ်လျက်ရှိရာ ၀ဏ္ဏသိဒ္ဓိအားကစားရုံ (B)တွင် ပိုက်ကျော်ခြင်း ပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြပုံများကိုလည်းကောင်း၊ ၀ဏ္ဏသိဒ္ဓိအားကစားရုံ (A)တွင် ဘော်လီဘောပြိုင်ပွဲများကို ကျင်းပပြုလုပ်ရာ ချင်းပြည်နယ်အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြပုံများကို မြန်မာနိုင်ငံအိုလံ ပစ်ကော်မတီ ဒုတိယဥက္ကဌ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်၊ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်၀င်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများနှင့် တာ၀န်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။