spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မြန်မာ့ရိုးရာ မြင်းစီးအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

မြန်မာ့ရိုးရာ မြင်းစီးအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

 

မိတ္ထိလာ ၄ ဇန်နဝါရီ  

မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်မှ ဦးဆောင်မှုဖြင့် ခရိုင်မြင်းစီးအားကစားအသင်းက ကြီးမှူး၍ ကျင်းပသည့် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာ မြင်းစီးအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို မိတ္ထီလာမြို့နယ် မကျီးချောက်ကျေးရွာတွင် ယနေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်။

“(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ကျင်းပတဲ့ မြန်မာ့ရိုးရာ မြင်းစီးအားကစားပြိုင်ပွဲမှာဆိုရင် ဒီနေ့က လွတ်လပ်ရေးနေ့ဖြစ်သည့်အတွက် နေ့ထူးနေ့မြတ်လည်းဖြစ်တယ်၊ သမိုင်းအစဉ်အလာ ကြီးမားသည့် မိတ္ထီလာခရိုင်မှာ ခရိုင်အဆင့် ပထမအကြိမ် လာရောက်ပြုလုပ်ရတဲ့အတွက် အထူးပဲ ဝမ်းမြောက်ဂုဏ်ယူပါတယ်၊ မြင်းစီးအားကစားပွဲများမှာဆိုရင် အနယ်နယ်အရပ်ရပ်မှာ ရှိပါတယ်၊ နှစ်စဉ် ကျင်းပနေပါတယ်။ ယခင်လမှ စတင်ပြီးတော့ မြန်မာနိုင်ငံ မြင်းစီးအားကစားကော်မတီ လက်အောက် ခရိုင်အဆင့်အဖြစ် မိတ္ထီလာခရိုင်ကို စတင်ဖွဲ့စည်းခဲ့ပါတယ်။ နောက်နှစ်တွေမှာလဲ ဒီထက်ပြိုင်ပွဲများစွာကို ထည့်သွင်းယှဉ်ပြိုင်နိုင်စေရန် ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ် ကော်မတီအတွင်းရေးမှူး ဦးထင်ကျော်က ပြောသည်။

အဆိုပါ မြန်မာ့ရိုးရာ မြင်းစီးအားကစားပြိုင်ပွဲတွင် မြန်မာခြေ(အသားကျ)၊ မြင်းဒုံး(အကြီးတန်း)၊ မြင်းဒုံး (အငယ်တန်း)အဖြစ် ပြိုင်ပွဲအမျိုးအစားသုံးမျိုးခွဲခြား၍ ဇန်နဝါရီ ၂ ရက်မှ ၄ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး ဆုရရှိသည့် ပြိုင်ပွဲဝင် မြင်းစီးအားကစားသမားများကို မြန်မာနိုင်ငံ မြင်းစီးအားကစား ကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ မိတ္ထီလာခရိုင် မြင်းစီးအားကစားအသင်း ဥက္ကဋ္ဌ ဦးအောင်မြတ်ထွန်းနှင့် တာဝန်ရှိသူများက ပြိုင်ပွဲအလိုက် ဆုများအသီးသီးပေးအပ်ခဲ့သည်။

ထို့နောက် အထူးပြိုင်ပွဲအနေဖြင့် ပြိုင်ပွဲဝင် မြင်းစီးအားကစားတစ်ဦးမှ မြင်းနှစ်ကောင်စီး၍ လက်ဆင့်ကမ်းပြိုင်ပွဲကို ယှဉ်ပြိုင်စေပြီး ဆုရရှိသူအား အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့သည်။ ဆက်လက်ပြီး ပြိုင်ပွဲဝင် မြင်းစီးအားကစားသမားများက အမြင့်တန်းခုန်ကျော်ခြင်း၊ မြင်းအလှပြ စီးနင်းခြင်းများဖြင့် သရုပ်ပြသဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%B7%E1%80%9B%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%AC-%E1%80%99%E1%80%BC%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%97%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA%E1%80%9C%E1%80%AF%E1%80%95%E1%80%BD%E1%80%B2%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7-%E1%80%86%E1%80%AF%E1%80%81%E1%80%BB%E1%80%AE%E1%80%B8%E1%80%99%E1%80%BC%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BD%E1%80%B2%E1%80%A1%E1%80%81%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%94%E1%80%AC%E1%80%B8-%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95