နေပြည်တော်၊ ဇန်နဝါရီလ (၃) ရက်။
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အင်္ဂလိပ်စာအခြေခံသင်တန်း (၁/၂၀၁၉) သင်တန်းဆင်းပွဲနှင့်သင်တန်းအောင်လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ညနေ(၂)နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းနှင့် တာ၀န်ရှိသူများ၊ သင်တန်းနည်းပြများနှင့်သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။
အစီအစဉ်အရ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ သင်တန်းဆင်းအမှာစကားပြောကြားရာတွင် ယနေ့တိုးတက်လာသောခေတ်တွင် အင်္ဂလိပ်စာနှင့်ကွန်ပျူတာကို လူတိုင်း တတ်ကျွမ်းထားရန် လိုအပ်ပါကြောင်း၊ မကြာမီ အဆင့်မြှင့်သင်တန်းများလည်း ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါကြောင်း၊ ၀န်ထမ်းများအား ရာထူးတိုးမြှင့် ပေးရာတွင်လည်း အင်္ဂလိပ်စာနှင့်ကွန်ပျူတာနားလည်တတ်ကျွမ်းမှုအလိုက် ရာထူးတိုးမြှင့်ပေး သွားမည်ဖြစ်ပါကြောင်း၊ ယနေ့သင်တန်းမှ ရရှိလာသော အတွေ့အကြုံများနှင့် မိမိတို့မှာရှိသော အရည် အချင်းများကိုပေါင်းစပ်၍ ပိုမိုတိုးတက်အောင် လုပ်ဆောင်ရန်လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် သင်တန်းတာ၀န်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးရဲလွင်မှ သင်တန်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ သင်တန်းတွင် ပထမဆုရ မငုဝါဖြိုး အားကစားကွင်း၊ အားကစားရုံဌာနခွဲ၊ ဒုတိယဆုရ မအိအိချောမွန် ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၂)၊ တတိယဆုရ မသူသူဇင် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)တို့အား ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျန်သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များပေး အပ်ချီးမြှင့်ခဲ့ပါသည်။
ထို့နောက် သင်တန်းသား/သင်တန်းသူများကိုယ်စား ပထမဆုရ မငုဝါဖြိုးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
အဆိုပါ သင်တန်းအား (၅.၈.၂၀၁၉) ရက်နေ့မှ (၆.၉.၂၀၁၉)ရက်နေ့အထိ သင်တန်းသား (၂)ဦး၊ သင်တန်းသူ(၈)ဦး စုစုပေါင်း(၁၉)ဦး တက်ရောက် သင်ကြားခဲ့ကြောင်း သတင်းရရှိပါသည်။