နေပြည်တော်၊ ဇန်နဝါရီလ (၁၀)ရက်
၂၀၂၀ ပြည့်နှစ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဝန်ကြီးရုံး(အားကစား)နှင့် အားကစားနှင့်ကာယပညာဉီးစီးဌာန အရာထမ်း/အမှုထမ်းများ၏ နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲနှင့် ဧည့်ခံကျွေးမွေးရေးအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ၀ဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံ၌ကျင်းပရာ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်သော ဉီးထွန်းမြင့်ဉီး၊ ဉီးကျော်ဆန်း၊ ဉီးကျော်ဉီး၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် အရာထမ်း/အမှုထမ်းများတက်ရောက်ကြသည်။
အစီအစဉ်အရ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ နှစ်သစ်ကူးအမှာစကားပြောကြားရာတွင် ယနေ့နှစ်သစ်အခါသမယတွင် တက်ရောက်လာကြသော အရာထမ်း၊ အမှုထမ်းများကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့်ပြည့်စုံကြပါစေလို့ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အဓိကလုပ်ငန်းများဖြစ်သော ပြည်သူလူထုကျန်းမာကြံ့ခိုင်စေရေးအတွက် သက်ဆိုင်ရာဌာန ခွဲအသီးသီးမှ အရာထမ်း/အမှုထမ်းများအနေဖြင့် မိမိတို့နှင့် သက်ဆိုင်ရာကဏ္ဍအသီးသီး အလိုက်တာဝန်ကျေပွန်မှုများကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ ရှေ့ဆက်မည့်လုပ်ငန်း စဉ်များကိုလည်း ယခုထက်ပိုမို အင်တိုက်အားတိုက်ကြိုးစားကြစေလိုကြောင်း၊ မိမိတို့၏လုပ်ငန်းခွင်များအတွင်းတွင်လည်း ပျော်ပျော်ရွှင်ရွှင်စည်းစည်းလုံးလုံးဖြင့် လုပ်ငန်းတာဝန်များကိုလဲ အောင်မြင်အောင်ကြိုးစားကြစေလိုကြောင်း၊ နှစ်သစ်တွင်ဝန်ထမ်းများအနေဖြင့် ကောင်းကျိုးမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံကြပါစေ၊ အားကစားလောကတိုးတက်ရေးအတွက် မိမိကျရောက်သော တစ်ထောင့်တစ်နေရာတွင် အုတ်တစ်ချပ်၊ သဲတစ်ပွင့်ဖြင့် နိုင်ငံတွင်ရှိသော နိုင်ငံသူနိုင်ငံသားများ၏ ကျန်းမာကြံ့ခိုင်ရေးနှင့် ပြည့်စုံသောပြည်သူ၊ ပြည်သားများ ဖြစ်လာစေရန်အတွက်ဝိုင်းဝန်းဆောင်ရွက်ကြစေရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
ထို့နောက် နှစ်သစ်ကူးအမှတ်တရ လက်ဆောင်မဲနှိုက် လဲလှယ်ခြင်းအစီအစဉ်၊ တက်ရောက်လာကြသောအရာထမ်း၊ အမှုထမ်းများအား နေ့လယ်စာဖြင့် ထမင်းကြော်၊ ခေါက်ဆွဲကြော်၊ ကြာဇံကြော်များ ကျွေးမွေးခြင်းအစီအစဉ်များပြုလုပ်ခဲ့ကြသည်။
၂၀၂၀ပြည့်နှစ်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဝန်ကြီးရုံး(အားကစား)နှင့် အားကစားနှင့်ကာယပညာဦးစီးဌာန အရာထမ်း/အမှုထမ်းများ၏ နှစ်သစ်ကူးပျော်ရွှင်ပွဲနှင့် ဧည့်ခံကျွေးမွေးရေးအခမ်းအနားသို့ အရာထမ်း၊ အမှုထမ်း စုစုပေါင်းအင်အား(၉၉၂)ဦး တက်ရောက်ခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။